အားကစားလေ့ကျင့်ရေးတွင် Sports Science ပညာရပ်အား ထိရောက်စွာထည့်သွင်း အသုံးချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်  ၂၁    နိုဝင်ဘာ 

အားကစားလေ့ကျင့်ရေးတွင် Sports Science ပညာရပ်အား ထိရောက်စွာထည့်သွင်း အသုံးချနိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ  ၁  နာရီက ကျင်းပသည်။

 

a

 

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် က Sports Science  ပညာရပ်သည် အားကစားလေ့ကျင့်ရေးတွင် မပါရင်မဖြစ် ဖြစ်ပြီး အရေး ကြီးပါကြောင်း၊ အခြားအာဆီယံ နိုင်ငံများနှင့် မယှဉ်နိုင် သေးသည့်အတွက် တွန်းတွန်း တိုက်တိုက်နှင့် ဆောင်ရွက်သွားရမှာဖြစ်သည့်အတွက် Sports Science နှင့်ပတ်သက်သည့် Seminar နှီးနှောဖလှယ်ပွဲကြီးကို ကျင်းပမည်ဖြစ်ရာ ဇန်နဝါရီ(၂၁)ရက်တွင် မြန်မာနိုင်ငံ ဆရာ ဝန်များအသင်း၌ ဆရာဝန်ကြီးများနှင့် သီးသန့် ဆွေးနွေးသွားမှာဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်တွင် Novotel  Hotel ၌ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် နှီးနှောဖလှယ် ဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊ ထိုဆွေးနွေးပွဲကို ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ယူကေ၊ ယူအက်(စ်)အေ နှင့် ကိုးရီးယား တို့မှ ပညာရှင်များက လာရောက်ဆွေးနွေးပေးသွားမှာဖြစ်ပါ ကြောင်း၊ ၄င်းဆွေးနွေးပွဲမှ အကျိုးရလဒ်များစွာ ရရှိလာမှာ ဖြစ်သည့်အတွက် အဖွဲ့ချုပ်များ အားလုံးမှ ဝိုင်းဝန်းကူညီအကြံ ဉာဏ်များ ပေး၍ ဆောင်ရွက်သွားစေလိုကြောင်း၊ ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်ချက်အရ (EIM) ကို တစ်ပြည်လုံးနှင့်ဆောင်ရွက်နေပါကြောင်း၊ (EIM) Exercise is Medicine ကို လုပ်ဆောင် ခြင်းဖြင့် ကျန်းမာရေးကောင်းမွန်လာသည့်အတွက် အားကစား၌ ထူးချွန်လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း လျော့နည်းခြင်း၊ ဆေးရုံကြီးများ၌ ဆေးကုသမှုများ လျော့ပါးလာသည့်အတွက် ဆေးရုံကြီးတွေမှာ သုတေသနလုပ်ငန်းများနှင့် ကာကွယ်ရေးတွေကို ဆောင်ရွက်လာနိုင်မှာ ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက် နှင့် တက်ရောက်လာကြသည့် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်တာဝန်ရှိပုဂ္ဂိုလ်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)