အာခါတိုင်းရင်းသားရိုးရာဟင်းရည်

မောင်ယဉ်ကျေး

 

အခုလိုချမ်းအေးလှတဲ့ လများနဲ့ လိုက်ဖက်တဲ့ "အာခါတိုင်းရင်းသားရိုးရာ" ဟင်းရည်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အာခါတိုင်းရင်းသားများဟာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တစ်နည်းအားဖြင့် သံလွင်အရှေ့ခြမ်းဒေသမှာ အဓိကအခြေပြုနေထိုင်ကြတဲ့ တိုင်းရင်းသားများဖြစ်ကာ တောင်ယာစိုက်ပျိုးခြင်း၊ ကြက်၊ ဝက်မွေးမြူခြင်းများနဲ့ အသက်မွေးဝမ်းကျောင်းပြုကြကာ ဟိုယခင်အခါများကတော့ ကျေးလက်သဘာဝ အမဲလိုက်ခြင်းများလည်း ရှိခဲ့ပါတယ်။ ယခုရေးသားဖော်ပြမယ့် ဟင်းရည်လေးကလည်း အမဲလိုက်ခြင်းဓလေ့ကနေ စတင်ပေါ်ထွန်းလာတဲ့ ဟင်းချက်နည်း လေးဖြစ်နိုင်ပါတယ်။

 

ဟင်းရည်မှာ ပါဝင်တဲ့ပစ္စည်းလေးတွေက တော့ အသားခြောက် (ဆတ်သားခြောက်၊ ချေသားခြောက်၊ ဆိတ်သားခြောက်၊ အမဲခြောက် နှစ်သက်ရာ တစ်ခုခုကို ရွေးချယ်နိုင် ပါတယ်) ကြက်သွန်ဖြူ၊ စပါးလင်၊ ပဒဲကော၊ ဂျူးမြစ်၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံ (သို့မဟုတ်) ကြက်သွန်မြိတ်တို့ ဖြစ်ပါတယ်။

 

ရှေးဦးစွာ အသားခြောက်ကို အနေတော် ခပ်ပါးပါးလေးလှီးထားရပါတယ်။ ကြက်သွန်ဖြူ ခုနစ်ဥလောက်ကို ဓားပြားရိုက်ထားပြီး စပါးလင်တစ်ပင်ကို ဓားပြားရိုက်ကာ လက်နှစ်ဆစ် အရွယ်လောက်လေးတွေ လှီးဖြတ်ထားပြီး ပဒဲကော ခပ်နုနုလေးတွေကို ပါးပါးလေးလှီးထားရပါမယ်။ ငရုတ်သီးစိမ်းကိုလည်း ညက်နေအောင်ထောင်းထားပြီး ဂျူးမြစ်ကိုလည်း ရေစင်စင်ဆေးကာ လက်နှစ်ဆစ် အရွယ်လောက်လေးတွေ လှီးဖြတ်ထားရပါမယ်။ ကြက်သွန်မြိတ် (သို့မဟုတ်) ရှမ်းနံနံကို ခပ်ရိပ်ရိပ်လေးလှီးထားပါ။ ရှမ်းနံနံမရမှ ကြက်သွန်မြိတ်ကိုသုံးပါ။ ရှမ်းနံနံနှံ့က ပိုပြီး လိုက်ဖက်ပါတယ်။

 

မြိန်ယှက်စွာသုံးဆောင် အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် လိုအပ်သလောက်ချိန်ဆပြီး ရေနွေးတစ်အိုးကျိုရပါမယ်။ ရေနွေးပွက်ပွက်ဆူလာတဲ့အခါ ကြက်သွန်ဖြူ၊ စပါးလင်၊ ပဒဲကောတို့ကိုထည့်ပါ။ သုံးမိနစ်လောက်ကြာတဲ့အခါ ရနံ့မွှေးလေးရလာပါမယ်။ ဒီအခါ ခပ်ပါးပါးလေးလှီးထားတဲ့ အသားခြောက်ကိုထည့်ပါ။ အသားခြောက်နူးစပြုတဲ့အခါ ဂျူးမြစ်နဲ့ ငရုတ်သီးစိမ်းထည့်ပြီး  ဆားနဲ့ ရသာမှုန့် (အချိုမှုန့်) ကိုသင့်သလိုထည့်ပါ။ နောက်ထပ် သုံးမိနစ်လောက်အကြာမှာ ( ပွက်ပွက်ဆူပြီး မွှေးပျံ့နေတဲ့ဟင်းရည်ထဲကို ကြက်သွန်မြိတ် (သို့မဟုတ်) ရှမ်းနံနံလေးကို  ထည့်လိုက်တဲ့အခါမှာတော့ ဆောင်းဥတုနဲ့ အလွန်လိုက်ဖက်ပြီး အရသာထူးခြားတဲ့  ဟင်းရည်ပူပူလေးကို မြိန်ယှက်စွာသုံးဆောင် လို့ရပါပြီ။

ချက်ပြုတ်ချိန် ၁၀ မိနစ်သာ ကြာမြင့်ပြီး ဆီမပါ၊ ရနံ့မွှေးမွှေး၊ ငရုတ်သီးစပ်စပ်နဲ့ အရသာ ရှိရှိဟင်းရည်ပူပူလေးကို သောက်သုံးလိုက်ရလျှင်ဖြင့် ဆောင်းတွင်းကာလမှာ ငုပ်လျှိုးနေတဲ့ ချွေးတွေ ပြိုက်ပြိုက်ကျတဲ့အထိ ရွှင်လန်းသွားစေမယ့် အာခါရိုးရာဟင်းရည်လေးဟာ ရာသီဥတုအေးအေးနဲ့ လွန်စွာမှလိုက်ဖက်သလို နာလန်ထလူနာများအတွက်လည်း ခံတွင်းရွှင်စေမယ့် ရိုးရာဟင်းလေးဖြစ်ပါကြောင်း

ကြော်ငြာမောင်းလေး ခတ်လိုက်ရပါတယ် ခင်ဗျား.......။

 

ကြေးမုံ