အားလုံးအတွက်အိမ်ရာ - ကောင်းမွန်သော မြို့ပြအနာဂတ် 



အေးအေးမြင့်(မယ်အေး-မြို့ပြအိမ်ရာ) 
(ယမန်နေ့မှအဆက်)
စားပွဲဝိုင်း (၃) အိမ်ရာကဏ္ဍကို ကိုဗစ်-၁၉ တုံ့ပြန်မှု၏ 
ဗဟိုချက်တွင် ထားရှိခြင်း 
ယခုနှစ်၏ ပင်မခေါင်းစဉ်ဖြစ်သည့် အိမ်ရာကဏ္ဍကို ကိုဗစ်-၁၉ တုံ့ပြန်မှု၏ ဗဟိုချက်တွင်ထားရှိခြင်းဟူသည့် အကြောင်းအရာဖြင့်  စားပွဲဝိုင်းတွင်  ကျယ်ပြန့်စွာပါဝင် ဆွေးနွေးကြသည်ကို လေ့လာခဲ့ရသည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက် သို့မဟုတ် လူပေါင်း  ၃ ဒသမ ၉ ဘီလီယံကျော် သည် မိမိနေအိမ်တွင်နေထိုင်ရန် ၎င်းတို့၏ အစိုးရများက အမိန့်ထုတ်ပြီး ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ထိန်းချုပ် နေကြသည်။  ပြည့်စုံလုံလောက်သော  နေစရာအိုးအိမ် ရှိခြင်းသည်   ယခင်ထက်ပို၍   သေရေးရှင်ရေးသဖွယ် အရေးကြီးသည်ဆိုသည့်အချက်မှာ ကိုဗစ်-၁၉ အကျပ် အတည်းတွင် သိသာထင်ရှားစွာ သက်သေပြနေပါသည်။  ဒေသဆိုင်ရာအစိုးရနှင့်     အခြားသက်ဆိုင်သူများက အရေးပေါ်အခြေအနေများကို  ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေချိန်တွင် နောင်အနာဂတ်၌ မြို့များ၏  ဒူပေ နာပေခံ   ကြံ့ခိုင်မှုသည်   အားလုံးပါဝင်မှုနှင့်   ပြန်လည် ထူထောင်ရေးကာလ၌ ဗဟိုအစိုးရများ၊   သက်ဆိုင်ရာ အစိုးရများနှင့် အခြားတာဝန်ရှိသူများက  အိမ်ရာကဏ္ဍကို မည်မျှအလေးထား      ဦးစားပေးဆောင်ရွက်မှုတို့အပေါ် မူတည်နေပေသည်။ 
ဆွေးနွေးဝိုင်းတွင်     မက္ကဆီကိုမှ  လူ့အခွင့်အရေး ဆိုင်ရာ အတွင်းရေးမှူးက “ကပ်ရောဂါသည် အိမ်ရာ၏ အခန်းကဏ္ဍ အရေးပါမှုကို ပြသနေကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်းရရှိတဲ့    အခွင့်အရေးကောင်းတစ်ခုမှာ “New Normality” လူနေမှုပုံစံကို ဖန်တီးနိုင်ဖို့ အစိုးရ တွေက  (ပြည်ထောင်စုနှင့်   တိုင်းဒေသကြီး/ပြည်နယ်) ကောင်းမွန်သောအိမ်ရာတွေ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာတဲ့မူဝါဒတွေ   ချမှတ်ခြင်းသာမက   မြို့ပြတွေရဲ့ တည်ငြိမ်မှုနဲ့   လူ့အဖွဲ့အစည်း၏    ကြံ့ခိုင်မှုအတွက်ပါ အားဖြည့်ပံ့ပိုးပေးရပါမည်” ဟု  တင်ပြခဲ့ပါသည်။ ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်မှ အိမ်ရာကျွမ်းကျင်သူ Grzegorz Gajda ကလည်း      ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အတွက် အစိုးရ၏စိုက်ထုတ်ငွေဟာ အလွန်အရေးကြီးတဲ့    အချက်ဆိုတာ   အဓိကသင်ခန်းစာတစ်ခုဖြစ်ကြောင်းထောက်ပြခဲ့ပါသည်။
“အိမ်မှာနေ (Stay at Home)” ဆိုသည်ကို လုံခြုံ စိတ်ချသော အိမ်ရာများမရှိဘဲ ဆောင်ရွက်ရန် လုံးဝမဖြစ် နိုင်ပါ။ Stay at Home ဆောင်ရွက်ရန်အတွက် အိမ်ရာမဲ့ များ၊ ကျူးကျော်နေထိုင်သူများနှင့် တရားမဝင်နေထိုင်သူ လူတန်းစားများအတွက် လုံလောက်သော အကျယ်အဝန်း နှင့် အခြေခံနေထိုင်မှု အသုံးအဆောင်များ၊  မြို့နေလူ အများစုအတွက် လုံလောက်သော အိမ်ရာနှင့် အခြေခံ အဆောက်အအုံများ လိုအပ်နေခြင်းများသည် အိမ်ရာ ကဏ္ဍ၏ အရေးပါမှုကို  မီးမောင်းထိုးပြလိုက်သကဲ့သို့ ဖြစ်နေပါသည်။ 
ဤအရေးမှ ရရှိလာသည့် သင်ခန်းစာတစ်ခုမှာ  ကြုံတွေ့လာသည့် အခက်အခဲများမှ ကျော်လွှားနိုင်ရန်   အတွက်  တစ်သမတ်တည်း  တုံ့ပြန်သည့်နည်းလမ်းမှာ ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး   အဆိုပါအရေးမှ    New Normality  လူနေမှုပုံစံကို  ပုံဖော်ရေး၊  ပြည်သူများ ကောင်းမွန်စွာ    နေထိုင်နိုင်ရေးနှင့်    မြို့တော်များ၏ ခံနိုင်ရည်ရှိမှုအတွက် အိမ်ရာကဏ္ဍသည် အဓိကကျသည့် အခြေခံအုတ်မြစ်ဖြစ်သည်ဟူသော      အသိကိုလည်း  တည်ဆောက်ပေးခဲ့ပြီး လက်ရှိရင်ဆိုင်နေရသည့် အခက် အခဲကာလနှင့်  အနာဂတ်တွင်   ထပ်မံကြုံတွေ့ရဖွယ် ရှိသည့်ကိစ္စရပ်များအတွက် လိုအပ်ချက်နှင့် ကိုက်ညီသော အိမ်ရာများကို မည်သူမျှ၊ မည်သည့်နေရာတွင်မျှ မကျန် စေရဘဲ ဖြည့်ဆည်းပေးကြရမည်ဖြစ်ကြောင်း ဆွေးနွေး သွားကြပါသည်။
ကိုဗစ်-၁၉ အကျပ်အတည်းနှင့် အခွင့်အလမ်းများ
ယနေ့  ကမ္ဘာမှာ ကပ်ရောဂါနှင့် တစ်ခါတစ်ရံကမျှ မကြုံတွေ့ခဲ့ရသည့် အကျပ်အတည်းနှင့်     ထိတ်လန့်ဖွယ် အခြေအနေတစ်ရပ် ရင်ဆိုင်နေရချိန်တွင် လူနေမြို့ရွာများ အတွက် ရောဂါတားဆီးကာကွယ်ရေး လိုအပ်ချက်များကို အရေးပေါ် ဖြေရှင်းရသောနည်းလမ်းများဖြင့် ဆောင်ရွက် လုပ်ကိုင်နေကြရသည်။   ဤအကျပ်အတည်းက အစိုးရ များအနေဖြင့် မူဝါဒများကို မည်သို့ပုံစံချ  အစီအစဉ်ရေးဆွဲ မည်၊ မည်သို့အကောင်အထည်ဖော် ဆောင်ရွက်မည်  စသည် တို့ကို ပြန်လည်ချမှတ်ဆောင်ရွက်နိုင်ရန်သာမက လူ့အဖွဲ့ အစည်းစနစ်အား တုန်လှုပ်စေမည့် ကိစ္စရပ်များ မလွဲမသွေ ကြုံတွေ့နေကြရဦးမည့်   အနာဂတ်အတွက်   ဦးစားပေး အစီအမံများ  ဆုံးဖြတ်ချမှတ်နိုင်ရန်အတွက် အခွင့်အလမ်း များကိုလည်း ဖန်တီးပေးပါသည်။
World Habitat Day  (2020) ၏ အစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်  ရည်မှန်းချက် (၁၁)(SDG-11)  ၏ ရည်ရွယ်ချက်ဖြစ်သော “Resilient၊ Inclusive၊ Safe and Sustainable Cities by 2030” ကို အထမြောက်အောင်   ဆောင်ရွက်ရန်အတွက်  လူတိုင်း အတွက်   ဘေးကင်းလုံခြုံစိတ်ချရသော   ရေရှည်တည်တံ့ သည့်  မြို့ပြများ၏  အခင်းအကျင်းတွင်   ပြည်သူတိုင်း လက်လှမ်းမီ၍  လုံခြုံစိတ်ချရသော အိမ်ရာများနှင့်  လူနေမှု  ဘဝအတွက် လိုအပ်သော အခြေခံအဆောက်အအုံများကို အလုံအလောက်  ဖြည့်ဆည်းပေးခြင်းသည်  အဓိကကျပြီး  အစိုးရများက    ခိုင်မာသော    မူဝါဒလုပ်ငန်းစဉ်များကို သက်ဆိုင်သူများ၊ ပြည်သူများဖြင့်   ပူးပေါင်းဆောင်ရွက်သွား ရမည် ဖြစ်ပါသည်။
“အိမ်”  ဆိုသည်မှာ   လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး အခြားသော  အခြေခံအခွင့်အရေးများ  ရရှိနိုင်ရန်အတွက် အထောက်အကူပြုလျက်ရှိပါသည်။ ပြည်သူအားလုံးအတွက်  တန်ဖိုးမျှတသော အိမ်ရာများ အလုံအလောက်ရရှိရေးသည် ရေရှည်တည်တံ့သော  မြို့များနှင့်  လူမှုအသိုက်အဝန်းအဖြစ် အသွင်ပြောင်းရေးအတွက် အရေးပါသော သော့ချက်တစ်ရပ် ဖြစ်သည်ကို ဖော်ပြနေပါသည်။
နေအိမ်ဆိုသည်မှာ သာမန်အမိုးအကာတစ်ခုမျှသာ မဟုတ်ဘဲ လုံခြုံမှုကိုခံစားရစေသည့် နေထိုင်ရာ၊ အလုပ် လုပ်ကိုင်ရာ၊ လေ့လာသင်ယူမှုများပြုလုပ်ရာ  ဖြစ်သည် သာမက ကျန်းမာရေးအတွက် အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများ လက်လှမ်းမီရယူနိုင်ရန်နှင့် လူအချင်းချင်း  ခပ်ခွာခွာနေထိုင်နိုင်မည့် လုံလောက်သောအကျယ်အဝန်း ရှိရန်တို့လည်း လိုအပ်လာပါသည်။ ထို့အပြင်    အိမ်ရာများ သည် နေထိုင်သူများအနေဖြင့် စိမ်းလန်းမြေနှင့် အများ ပြည်သူဆိုင်ရာနေရာများ၊  အလုပ်အကိုင်အခွင့်အလမ်း များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊  ကျောင်းများ၊  ကလေး ထိန်းကျောင်းများနှင့်    အခြားလူမှုရေးဝန်ဆောင်မှုများကို လက်လှမ်းမီရယူနိုင်မည့်    နေရာများတွင်လည်း  တည်ရှိ နေသင့်ပါသည်။ သို့ဖြစ်ရာ အနာဂတ်မြို့ပြစီမံကိန်းများ၊ အိမ်ရာစီမံကိန်းများသည် ကောင်းမွန်ပြည့်စုံပြီး စံမီသည့် ပတ်ဝန်းကျင်များ ဖော်ဆောင်သွားရန် ဖြစ်ပေသည်။
မြန်မာနိုင်ငံ၏မြို့ပြကဏ္ဍနှင့် အမျိုးသားမြို့ပြမူဝါဒ
မြန်မာနိုင်ငံသည်  ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်နှင့်အညီ မြို့ပြဖြစ်ထွန်းမှုများ ဖြစ်ပေါ်နေသော်လည်း မြို့ပြဖွံ့ဖြိုးမှု ဆီသို့ ထင်သလောက်မရောက်နိုင်သေးဘဲ မြို့ပြကျပ်တည်း ခြင်း၊    မြို့ပြပြန့်ကျဲခြင်း၊   အခြေခံအဆောက်အအုံများ မလုံလောက်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို စနစ်တကျ အကောင်အထည်မဖော်နိုင်ခြင်းစသော မြို့ပြ  ပြဿနာများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရပါ သည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို       အရှိန်အဟုန်မြှင့်တင်  လာခဲ့ပြီး ယခုအချိန်အခါသည် မြန်မာနိုင်ငံ၏ အမျိုးသား မြို့ပြမူဝါဒအား   အမျိုးသားမြို့ပြမူဝါဒရေးဆွဲရေး  ဗဟို ကော်မတီက UN-Habitat အကူအညီဖြင့် အပြီးသတ် ရေးဆွဲနေသောကာလ   ဖြစ်ပါသည်။      မြန်မာနိုင်ငံ၏ အမျိုးသားမြို့ပြမူဝါဒသည် တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် ချမှတ်ထားသော မြို့ပြလုပ်ငန်းစဉ်သစ် New Urban Agenda 2030 ၏ အစီအစဉ်များနှင့်အညီ ရေရှည်ဖွံ့ဖြိုး တိုးတက်သော    မြို့ပြများ၊    သဘာဝပတ်ဝန်းကျင်ကို  ထိန်းသိမ်းကာကွယ်နိုင်သော မြို့ပြများ စနစ်တကျပေါ်ထွန်း လာရေးအတွက် ဦးတည်၍ ရေးဆွဲထားသော မူဝါဒတစ်ရပ်  ဖြစ်ပါသည်။ 
မြန်မာနိုင်ငံ၏ မြို့ပြဖြစ်ထွန်းမှုနှုန်းသည်  ၂၀၁၄ ခုနှစ်တွင် လူဦးရေစုစုပေါင်း၏  ၃၀ ရာခိုင်နှုန်း (၁၅ ဒသမ ၄  သန်း)ခန့်ရှိပြီး  ၂၀၃၀  ပြည့်နှစ်တွင် သန်း  ၂၀ ခန့်အထိ ရှိလာမည်ဟု ခန့်မှန်းထားပါသည်။ အဆိုပါ တိုးလာမည့် မြို့ပြလူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့်သည်    လူဦးရေ တစ်သန်း နှင့်အထက်ရှိသည့်  မြို့ကြီးများ တွင်ဖြစ်လာ မည်  ဖြစ်သည်။  သို့ဖြစ်ရာ မြို့ကြီးများတွင်   လူဦးရေစုပြုံ တိုးပွားလာမှုကို ထိန်းသိမ်းရန်၊   တိုးတက်မှုနည်းနေသေး သည့်   အလယ် အလတ်မြို့များ၏ ဖွံ့ဖြိုးမှုကို ပိုမိုအားပေး ရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ  မြို့ပြ ဖြစ်ထွန်းမှုမှာ ပိုမိုမြန်ဆန်လာနေပြီး မြန်ဆန်စွာဖြစ်ထွန်း ပေါ်ပေါက်လာနေသော  မြို့ပြများအား   ကဏ္ဍစုံ ရေရှည် စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်            အခြေခံ အဆောက်အအုံ ဝန်ဆောင်မှုများနှင့်   နယ်မြေဒေသ   စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များတွင် စနစ်တကျ စီစဉ် ရေးဆွဲထားသော အုပ်ချုပ်မှုနှင့်       မူဝါဒပိုင်းဆိုင်ရာ အစီအမံများ လိုအပ်လျက်ရှိပါသည်။
မြို့ပြများ     စနစ်တကျ     ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များသည် သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ဒေသအလိုက်     အကျိုးသက်ဆိုင်သူများအားလုံးက ပူးပေါင်း ပါဝင်ဆောင်ရွက်ရသည့်  လုပ်ငန်းအမျိုးအစား ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဖက်ဒရယ်မူနှင့်အညီ ဒေသအလိုက် ရေးဆွဲဆောင်ရွက်နိုင်မည့် ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် မူဘောင်တစ်ရပ်လိုအပ်ပြီး ယင်းသို့ ရေးဆွဲဆောင်ရွက်မည့်    လုပ်ငန်းစီမံကိန်းများအားလုံးကို    ပြည်ထောင်စုအဆင့်မှ  နယ်မြေဒေသအလိုက်  စနစ်တကျ  ချိတ်ဆက်ပေါင်းစည်းပေးနိုင်မည့် ရေရှည် ခိုင်မာသည့်         မူဝါဒတစ်ရပ်ကို လိုအပ်သည့်အတွက် ဤအမျိုးသားမြို့ပြမူဝါဒကို   ရေးဆွဲဆောင်ရွက်ရခြင်း ဖြစ်ပါသည်။
အမျိုးသားမြို့ပြမူဝါဒအား   ချမှတ်ရေးဆွဲရာတွင်  ကုလသမဂ္ဂ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်   (၁၁) (SDG - 11)၊ မြန်မာနိုင်ငံ၏   ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော  ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း  (MSDP)  တို့နှင့် အညီအညွတ်ပြု၍ မြို့ပြကဏ္ဍနှင့် ဆက်စပ်နေသော ကဏ္ဍအလိုက် ရေးဆွဲဆောင်ရွက်နေသည့် စီမံကိန်းများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့်   နယ်မြေ  စီမံခန့်ခွဲမှုစီမံကိန်းများအကြား   အဆင့်ဆင့်ချိတ်ဆက် ပေါင်းစည်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ရေးဆွဲခဲ့ပါသည်။
မြန်မာနိုင်ငံ   အမျိုးသားမြို့ပြမူဝါဒ   (မူကြမ်း)ကို  ပန်းတိုင် ခြောက်ခု၊ အခြေခံမူ ရှစ်ခုနှင့် ချမှတ်ထားပြီး မူဝါဒ ရှစ်ချက်ပါရှိပါသည်။ ယင်းမူဝါဒရှစ်ရပ်တို့မှာ - ဘက်ညီ မျှတသော နယ်မြေဖွံ့ဖြိုးတိုးတက်မှု (Balanced Spatial Development)၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု(Socio- Economic Development)၊  စည်ပင်သာယာအုပ်ချုပ်မှုနှင့် ဘဏ္ဍာရေး (Municipal Governance and Finance)၊ မြို့ပြဥပဒေပြဋ္ဌာန်းရေး (Urban Legislation)၊ မြေယာ အုပ်ချုပ်မှု (Land Governance)၊ အိမ်ရာ (Housing)၊ အခြေခံအဆောက်အအုံနှင့်     မြို့ပြဝန်ဆောင်မှုများ (Infrastructure  Services  Provision)၊  ရာသီဥတု ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ် လျှော့ချရေးနှင့်   မြို့ပြစီမံကိန်း   (Climate Change,  Environment and Disaster Risk Reduction and Urban Planning) တို့ ပါဝင်ပါသည်။ 
အမျိုးသားမြို့ပြမူဝါဒတွင် အိမ်ရာသည် အရေးကြီး သောအချက်အဖြစ် ပါဝင်ပါသည်။ အစိုးရမှ မူဝါဒ ချမှတ် ဖော်ဆောင်ရန်  လုပ်ငန်းစဉ်များတွင်  အမျိုးသားအိမ်ရာ မူဝါဒ ရေးဆွဲရေး၊   အိမ်ရာဖွံ့ဖြိုးရေးမဟာဗျူဟာ ချမှတ်  ဆောင်ရွက်ရေး၊  တရားဝင်မဟုတ်သော     ကျူးကျော် အခြေချ   နေထိုင်မှုများကို အသိအမှတ်ပြု၍   ၎င်းတို့ အတွက် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးခြင်း ဖြင့်  အဆင့်မြှင့်တင်ပေးရေး၊    လူဦးရေနှင့် ဝင်ငွေအချိုး အစားအပေါ်မူတည်၍        အိမ်ရာလိုအပ်ချက်ဆိုင်ရာ သုတေသနအခြေပြု  အိမ်ရာဖြည့်ဆည်းမှု ဆောင်ရွက်ရေး၊ ဝင်ငွေနည်းသူများ၏    အိမ်ရာလိုအပ်ချက်အား   ဖြည့်ဆည်း ပေးနိုင်ရန်အတွက် လူထုအခြေပြု ငွေစုဆောင်းခြင်းနှင့် တရားဝင်ဘဏ်ချေးငွေရယူခြင်း  နည်းလမ်းများ  ဖန်တီး ပေးရေးစသည့် အချက်များပြဋ္ဌာန်းရန် ပါရှိပါသည်။ 
လူဦးရေတိုးတက်လာခြင်းကို    မြို့ပြဖြစ်ထွန်းမှု အဖြစ် ယူဆ၍ မရသကဲ့သို့   မြို့ပြကြီးထွားဖြစ်ထွန်းမှု တိုင်းသည်လည်း  မြို့ပြဖွံ့ဖြိုးမှုမဟုတ်ပါ။  ပုံစံတကျ မဟုတ်သော သို့မဟုတ်  စနစ်တကျ   စီမံကိန်းရေးဆွဲထား ခြင်း မဟုတ်သည့် မြို့ပြဖြစ်ထွန်းခြင်းနှင့် တည်ဆောက် ခြင်းများ (Cities Without Planning)  ကိုလည်း  ဖွံ့ဖြိုးမှုဟု  ခေါ်ဆို၍ မရနိုင်ပါ။  စနစ်တကျ စီမံကိန်းရေးဆွဲပုံဖော် ထားသော    မြို့ပြများသာလျှင်  ထိုကဲ့သို့သော ရွှေ့ပြောင်း အခြေချခြင်းကြောင့်  တိုးပွားလာသော    လူဦးရေ၊    ၎င်းနှင့်   ဆက်စပ်လျက်ရှိသည့်   လူနေထိုင်မှုဆိုင်ရာ     အခြေခံ အဆောက်အအုံများကို လိုအပ်ချက်နှင့်အညီ    ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ပြီး လက်ရှိနှင့်  အနာဂတ်တွင်   တိုးတက် များပြားလာသော လူဦးရေနှင့် ၎င်းတို့နှင့် ဆက်နွှယ်နေသည့်  မြို့ပြစိန်ခေါ်မှုများကို ကောင်းစွာတုံ့ပြန်နိုင်မည် ဖြစ်သည်။ 
တိုးတက်များပြားလာသော    လူဦးရေအတွက် အလုပ်အကိုင်အခွင့်အလမ်းများ    ဖန်တီးပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များကို အဆက်မပြတ် အကျိုး ရှိစွာ  အသုံးချနိုင်ရမည်   ဖြစ်သည်။  အခြားတစ်ဖက်တွင် လည်း သာတူညီမျှမရှိမှု၊ လူမှုရေးခွဲခြားမှုနှင့် အဆင့်အတန်း  ပိုင်းခြားသတ်မှတ်မှုများသည် မြို့များအတွင်း တည်ရှိလာ နိုင်ပါသည်။ထို့အပြင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ် ကြောင့် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရမှုများကို ရင်ဆိုင်တုံ့ပြန်ရန်  ဘေးဒဏ်ခံနိုင်ရည်ရှိပြီး ရေရှည်ကြံ့ခိုင် သည့်  မြို့ပြဖွံ့ဖြိုးမှုများနှင့်   အဆောက်အအုံများလည်း လိုအပ်ပါသည်။ အဆိုပါ ဖြစ်စဉ်များကို ရှောင်ရှားနိုင်ရန်နှင့် ပိုမိုကောင်းမွန်သော မြို့ပြများဖန်တီးရန်  ပြည်သူအားလုံး အတွက် ပြည့်စုံလုံလောက်သော အိမ်ရာများ (Housing for All) ဖန်တီးပေးခြင်းသည် အဓိက အကျဆုံးသောအချက် ဖြစ်ပါသည်။
ကမ္ဘာ့မြို့များနေ့  
World Cities Day အား  ၂၀၁၄ ခုနှစ်မှ စတင်၍ Better Cities, Better Life ဆိုသော ပင်မဆောင်ပုဒ်ဖြင့် ကျင်းပလာရာ  ယခုနှစ်ဆိုလျှင်    ခုနစ်ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ယခု ၂၀၂၀ ပြည့်နှစ်တွင် လူမှုအဖွဲ့အစည်းများနှင့်  မြို့များအား တန်ဖိုးထားခြင်း (Valuing Our Communities and Cities) ဆိုသော ဆောင်ပုဒ်ဖြင့်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ    ဖူကျုံမြို့၌ ကျင်းပသွားမည်ဖြစ်သည်။ 
ကိုဗစ်-၁၉ ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုနှင့် အတူ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အခက်အခဲများ သည် ကမ္ဘာတစ်ဝန်းရှိ မြို့ပြလူနေမှုပုံစံအား  မျှော်လင့် မထား သည့်နည်းလမ်းများဖြင့်   ပြန်လည်ပုံဖော်လျက်ရှိရာ လွန်ခဲ့သော   ၁၂  လအတွင်း    မြို့ပြလူနေမှုပုံစံသည်   ပြောင်းလဲမှုများ     တစ်ဟုန်ထိုး ဖြစ်ပေါ်ခဲ့သည်။ မြို့ပြ ဖြစ်ထွန်းမှုဖြစ်စဉ်သည်   ပိုမိုကောင်းမွန်သောဘဝများကို ဖန်တီးနိုင်သည့် အလားအလာများရှိသည့်အပြင် ၎င်းသည်  ဆင်းရဲနွမ်းပါးမှုများအား    ပပျောက်စေသည့်  လမ်းကြောင်း တစ်ခုဖြစ်ပြီး  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင် အားတစ်ခုလည်း ဖြစ်စေပါသည်။ ထို့ကြောင့် မြို့များ၏  အသက်သွေးကြောဖြစ်သည့် မတူကွဲပြားသော လူမှုအဖွဲ့ အစည်းများ၏ တည်ရှိမှုကို  အသိအမှတ်ပြု    မြှင့်တင်ပေးရန်  လိုအပ်ပါသည်။ ရေရှည်ရှင်သန်မှု၊ ဖွံ့ဖြိုးမှုနှင့် လူနေမှုဘဝ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရန်  မရှိမဖြစ် လိုအပ်သော  စီးပွားရေး၊   သဘာဝပတ်ဝန်းကျင်နှင့်   လူမှုရေးဆိုင်ရာ တန်ဖိုးများကိုသာမက        ဆန်းသစ်တီထွင်မှုတန်ဖိုး (Innovation Value)ကိုပါ  အလေးထား၍  လူမှုအဖွဲ့ အစည်းများနှင့်    မြို့များအား   တန်ဖိုးထားခြင်း  (Valuring Our Community and Cities) ကို ဆောင်ရွက်ပေးရပါမည်။ ကမ္ဘာ့မြို့များနေ့ (World Cities Day)သည် ကျွန်ုပ်တို့၏ မြို့များနှင့်  ၎င်းတို့၏အနာဂတ်အား  ပြန်လည်သုံးသပ် နိုင်သည့် အချိန်အခါကောင်းတစ်ရပ် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ အရေးပေါ်အခြေအနေတွင် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများသည် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်မှုကို အားပေးသည့် မြို့ကြီးများအဖြစ်     အကျိုးကျေးဇူးကြီးမားပါသည်။ အနာဂတ်လူနေမှုဘဝသည် မြို့ကြီးများပေါ်တွင်  မှီတင်း နေခြင်းကြောင့် ရေရှည်တည်တံ့သော မြို့များထူထောင် ရန် လူမှုအဖွဲ့အစည်းများနှင့်   မြို့များအား    တန်ဖိုးထား၍ အတူတကွ ထိန်းသိမ်းစောင့်ရှောက်သွားရမည်  ဖြစ်ပါ သည်။
Urban October သည် မြို့ပြနှင့်  အိမ်ရာကဏ္ဍများ ၏ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် ထပ်မံ  ရင်ဆိုင်ကြုံတွေ့ရနိုင်သော စိန်ခေါ်မှုများအား အလေးထားစဉ်းစား၍ ကောင်းမွန်သော မြို့ပြဖြစ်ထွန်းမှု တစ်ခု ပေါ်ထွန်းလာစေရေးအတွက် အကောင်းဆုံးသော နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန်  အဓိကမောင်းနှင် အားတစ်ခု   ဖြစ်နေပါသည်။ ထို့ကြောင့်    မြန်မာနိုင်ငံ တွင်လည်း    Urban  October အစီအစဉ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့မြို့များနေ့ကို   အောက်တိုဘာလ ကုန်တွင် UN-Habitat နှင့်  ပူးပေါင်း၍ အွန်လိုင်း Zoom Meeting ဖြင့် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း  သတင်းကောင်းပါးလိုက်ရပါသည်။ 
(World Habitat Day နှင့်  World Cities Day  တို့အား ဂုဏ်ပြုလျက်)
( ဇော်ဇော်အေး၊ အေးရူပါမြတ်၊ သန်းသန်းဦး၊ အာကာ ထက်နိုင်၊ ကျော်သွင်ဦး၊ နေစွမ်းထက်၊ သွန်းသီရိထွဋ်)
Reference: National Urban Policy (Draft Paper     2020), Presentation of World Habitat Day 2020, Concept Notes: World Habitat Day 2020 and World Cities Day 2020 New Urban Agenda (http://unhabitat.org.mm/publica.../new-urban-agenda-myanmar/)
ကြေးမုံ