အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

၂၄ ဇန်နဝါရီ

 

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဖာရတ်ဘ်ပြည်နယ် ဒေါလတ်ဗတ်ဒ်ခရိုင်တွင် ယမန်နေ့က ဆေးပစ္စည်းအရောင်းဆိုင် တစ်ဆိုင်ကို စစ်သွေးကြွအချို့က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အခြားခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် ကာရူ ယူရရှ် က ယနေ့ ပြောကြားခဲ့သည်။

 

ယမန်နေ့ညနေပိုင်းက ဒေါလတ်ဗတ်ဒ်ခရိုင်တွင် ထိုစစ်သွေးကြွများက  ဆေးပစ္စည်းအရောင်းဆိုင် တစ်ဆိုင်ကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် ယင်းဆိုင်ပိုင်ရှင် သေဆုံးပြီး အခြားခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတာဝန်ရှိသူ က ပြောကြားခဲ့သည်။

 

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် တာလီဘန်တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ၎င်းက ဝန်ခံပြောကြားခဲ့သည်ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

 

တာလီဘန် အုပ်စုကမူ မှတ်ချက် တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးပေ။

 

ဖာရတ်ဘ်ပြည်နယ်ရှိ ဒေါလတ်ဗတ်ဒ်ခရိုင်သည် ပြီးခဲ့သည့်နှစ်များအတွင်း တာလီဘန် ဦးဆောင်သည့် စစ်သွေးကြွများ တိုက်ပွဲဖြစ်ပွားရာ နေရာဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို