အာဖဂန်နိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားရာ တစ်ရက်အတွင်း စစ်သွေးကြွ ၁၆ ဦး သေဆုံး

၈ ဇန်နဝါရီ

 

အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ် ငါးခုတွင် ယမန်နေ့အစောပိုင်းမှစတင် တိုက်ခိုက်ခံခဲ့ရမှုကြောင့် စစ်သွေးကြွ ၁၆ ဦး သေဆုံးခဲ့ပြီး အခြား ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ အတည်ပြုပြောကြားခဲ့သည်။

 

အာဖဂန်လေကြောင်းတပ်ဖွဲ့သည် အာဖဂန်တောင်ပိုင်း ဟယ်လ်မန်ပြည်နယ် ဂမ်စာခရိုင် ရှာမိုဟာမက်ခန် ကျေးရွာနှင့် ခန်ရှန် ခရိုင် ရှာကာလီ ကျေးရွာ တို့ရှိ တာလီဘန်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် စစ်သွေးကြွ ငါးဦး သေဆုံးခဲ့ကြောင်း ထိုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့သည်။

 

ထို့အပြင် ၎င်းတိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွ နှစ်ဦးသေဆုံးခဲ့ပြီး အခြား ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟယ်လ်မန်ပြည်နယ် စန်ဂင်ခရိုင် ရှိ အာဖဂန်အမျိုးသားတပ်မတော် ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ကန်ဒါဟာပြည်နယ်တောင်ပိုင်း ခကရက်ဇ်ခရိုင်တွင် တာလီဘန် အကြမ်းဖက်သမား နှစ်ဦးသေဆုံးပြီး  ကုန်တင်ယာဉ်တစ်စီး ပျက်စီးသွားခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

 

အာဖဂန်အနောက်ပိုင်း ဟရတ်ပြည်နယ်တွင် ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွ နှစ်ဦးသေဆုံးခဲ့ပြီး ချီတီ ရှာရစ်ခရိုင်တွင် မော်တော်ဆိုင်ကယ်တစ်စင်း ပျက်စီးကာ ကုန်လှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

 

ဖာရတ်ဘ်ပြည်နယ်မြောက်ပိုင်း အယ်လ်မာခရိုင် နောဂိုလီပါဟင် ကျေးရွာတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ တာလီဘန်စစ်သွေးကြွ ငါးဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

 

အဆိုပါ စစ်သွေးကြွအုပ်စုကမူ ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ယခုချိန်ထိ မှတ်ချက်တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို