အာဖရိကတိုက် ဆဟာရဒေသခွဲ၌ ကိုဗစ်ကာလအတွင်း ငှက်ဖျားဖြင့် သေဆုံးသူက ဗိုင်းရပ်စ်ဖြင့် သေဆုံးသူထက် ပိုများ

၃၀  နိုဝင်ဘာ

           

အာဖရိကတိုက် ဆဟာရဒေသခွဲ နိုင်ငံအချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးမှုများက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများထက် ကျော်လွန်သွားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယနေ့ သတိပေးလိုက်သည်။

           

ယမန်နှစ်က အာဖရိကတိုက်ရှိ အဆင်းရဲဆုံးတိုင်းပြည်များမှ ကလေးငယ်အများစုအပါအဝင် တစ်ကမ္ဘာ လုံးတွင် လူပေါင်း ၄၀၉၀၀၀ ကျော် ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့ပြီး ယခုနှစ်အတွင်း ကိုဗစ်ကပ်ဘေးကြောင့် သေဆုံးမှုနှုန်း သေချာပေါက် မြင့်တက်လာမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျားရောဂါ အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

           

“ကိုဗစ်ကာလအတွင်း ဆဟာရဒေသခွဲမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးသူ ၂၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းပြီး အများစုက ကလေးငယ်တွေဖြစ်ပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ငှက်ဖျား ရောဂါအစီအစဉ်၏ ညွှန်ကြားရေးမှူး ပတ်ဒရိုအလွန်ဆိုက သတင်းထောက်များသို့ ပြောသည်။

           

၂၀၁၉ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ၂၂၉ သန်းခန့် ရှိခဲ့ပြီး ကိုဗစ်-၁၉ ကပ် ရောဂါ၏ မကြုံစဖူး စိန်ခေါ်မှုများကြောင့် ကမ္ဘာ့နိုင်ငံအများစုက အဆိုပါရောဂါကို ခက်ခက်ခဲခဲ တိုက်ဖျက်ခဲ့ရကြောင်း အစီရင်ခံစာက ဆိုသည်။

           

ငှက်ဖျားရောဂါ အများဆုံးဖြစ်ပွားသည့် အာဖရိကတိုက်ရှိ နိုင်ငံအချို့က ၂၀၁၆ ခုနှစ်နောက်ပိုင်း သိသာသော တိုးတက်မှုဖြစ်လာစေရန် ရုန်းကန်ခဲ့ရသည်။

           

ကမ္ဘာတစ်ဝန်း ဒေသအများစုတွင် ငှက်ဖျားရောဂါ ဆက်လက်ကူးစက်နေခြင်းကြောင့် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့် ငှက်ဖျားရောဂါ ဖြစ်ပွားသည့်အန္တရာယ်ရှိပြီး နှစ်မိနစ်လျှင် ကလေးငယ်တစ်ဦး သေဆုံးနေဆဲဖြစ်သည်။

 

ကိုးကား-CGTN