အာရှဖလား အမျိုးသမီးခြေစစ်ပွဲ မြန်မာအသင်းပါဝင်သော အုပ်စု (D) ပွဲစဉ်များ ကာဂျစ္စတန်နိုင်ငံ၌ ပြောင်းလဲကျင်းပမည်

ရန်ကုန် စက်တင်ဘာ

၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲမှ မြန်မာအသင်းပါဝင်သော အုပ်စု(D)ပွဲစဉ်များ လက်ခံကျင်းပမည့်နိုင်ငံနှင့် ကျင်းပမည့်ကာလ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ကာဂျစ္စတန်နိုင်ငံ၌ ပြောင်းလဲကျင်းပမည်ဖြစ်သည်။

ခြေစစ်ပွဲအုပ်စု (D) ပွဲစဉ်များကို စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ပြောင်းလဲကျင်းပသွားမည်ဖြစ်သည်။ အာရှဘောလုံး အဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု(D)ပွဲစဉ်များကို လက်ဘနွန်နိုင်ငံက လက်ခံကျင်းပခွင့်ရထားခြင်းဖြစ်သည်။ သို့သော် လက်ဘနွန်နိုင်ငံအနေဖြင့် ပြည်တွင်းနိုင်ငံရေး အခြေအနေများကြောင့် လက်ခံကျင်းပနိုင်ခြင်း မရှိတော့သဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြင်း မရှိတော့ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်ထံ အကြောင်းကြားခဲ့ရာ အိမ်ရှင်နိုင်ငံသစ် ပြန်လည်ရွေးချယ်ခံရခြင်း ဖြစ်သည်။

ယင်းအုပ်စုတွင် ပါဝင်သည့် အခြားနိုင်ငံများကလည်း လက်ခံကျင်းပနိုင်ခြင်း မရှိသောကြောင့် အာရှဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲအုပ်စုပွဲများ ကျင်းပမည့်ကာလ ပြောင်းလဲသွားသောကြောင့် ပြင်ဆင်ချိန် ပိုမိုရရှိမည်ဖြစ်ပြီး တစ်လကျော် ထပ်မံပြင်ဆင်ခွင့်ရရှိမည် ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာအသင်းပါဝင်သော အုပ်စု(D)ပွဲစဉ်ကိုသာ အိမ်ရှင်နိုင်ငံ အပြောင်းအလဲကြောင့် နောက်ဆုတ်ခဲ့ခြင်းဖြစ်ပြီး ကျန်အုပ်စုခုနစ်ခုကိုမူ ယခင် သတ်မှတ်ထားသည့်အတိုင်း စက်တင်ဘာ ၁၆ ရက်မှ ၂၉ ရက်အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် အုပ်စု(D)ပွဲစဉ်အသစ်ကို ပြန်လည် ထုတ်ပြန်ခဲ့ရာ အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနှင့် လက်ဘနွန်၊ ယူအေအီးနှင့် ဂူအမ်၊ အောက်တိုဘာ ၂၁ ရက်တွင် လက်ဘနွန်နှင့် ယူအေအီး၊ ဂူအမ်နှင့် မြန်မာ၊ အောက်တိုဘာ ၂၄ ရက်တွင် မြန်မာ နှင့် ယူအေအီး၊ လက်ဘနွန်နှင့် ဂူအမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

အုပ်စုမဲခွဲထားမှုအရ အုပ်စု(A)တွင် တရုတ်တိုင်ပေ၊ ဘာရိန်း၊ လာအို၊ အုပ်စု (B) တွင် ဗီယက်နမ်၊ တာဂျစ်ကစ္စတန်၊ မော်လ်ဒိုက်၊ အာဖဂန်နစ္စတန်၊ အုပ်စု (C) တွင် စင်ကာပူ၊ အင်ဒိုနီးရှား၊ အုပ်စု (D) တွင် မြန်မာ၊ ယူအေအီး၊ ဂူအမ်၊ လက်ဘနွန်၊ အုပ်စု (E) တွင် တောင် ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ အုပ်စု (F) တွင် ဖိလစ်ပိုင်၊ ဟောင်ကောင်၊ နီပေါ၊ အုပ်စု (G) တွင် ဂျော်ဒန်၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု (H) တွင် ထိုင်း၊ ပါလက်စတိုင်းနှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုရှစ်ခုမှ ထိပ်ဆုံးတစ်သင်းစီ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

ရဲရင့်လွင်