အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ၂၀၂၂ ဖေဖော်ဝါရီတွင် စတင်ကျင်းပရန် စီစဉ်ထား

ရန်ကုန်  ဇွန်  ၂၀

မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရ

အာရှဘောလုံးအဖွဲ့ချုပ်သည် ဇွန် ၁၅ ရက်က ပြီးဆုံးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် သီးခြားစီကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလား(အာရှဇုန်) တတိယအဆင့် ခြေစစ်ပွဲ ၂၀၂၃ အာရှဖလားတတိယအဆင့်ခြေစစ်ပွဲနှင့် Play-off ပွဲစဉ်များ ကျင်းပရန် ဆက်လက် ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား(အာရှဇုန်) တတိယအဆင့် ခြေစစ်ပွဲ၊ ၂၀၂၃ အာရှဖလား တတိယ အဆင့် ခြေစစ်ပွဲ Play-off ပွဲစဉ်ကို ယခုနှစ်အတွင်း ကျင်းပကာ ၂၀၂၃ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကိုလာမည့်နှစ်တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် ကမ္ဘာ့ဖလား တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ခွင့်မရတော့သော်လည်း အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ စက်တင်ဘာအတွင်း ကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်၊ မတ် ၂၄၊ ၂၉ ရက်၊ ဇွန် ၁၄ ရက်၊ စက်တင်ဘာ ၂၂ ၊ ၂၇ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အုပ်စုပွဲများကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် မူတည်၍ ပြုလုပ်သွားမည်ဖြစ်သည်။ ကပ်ရောဂါကြောင့် အိမ်ကွင်း၊ အဝေးကွင်းမကျင်းပနိုင်ပါက ဒုတိယအဆင့်ခြေစစ်ပွဲ လက်ကျန်ပွဲများ ကျင်းပသည့် ပုံစံအတိုင်း အုပ်စုတစ်ခုကို အိမ်ရှင်နိုင်ငံ တစ်နိုင်ငံ ရွေးချယ်၍ ပြုလုပ်သွားမည်ဖြစ်သည်။

အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို အသင်းစုစုပေါင်း ၂၄ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ၂၂ သင်း ထွက်ပေါ်ပြီးဖြစ်ကာ အင်ဒိုနီးရှား၊ တရုတ်တိုင်ပေ၊ ကမ္ဘောဒီးယားနှင့် ဂူအမ်အသင်းတို့ ယှဉ်ပြိုင်မည့် Play-off ပွဲစဉ်မှ အနိုင်ရသည့်နှစ်သင်း တက်ရောက်ခွင့်ရမည်ဖြစ်သည်။

လက်ရှိတွင် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ကစားခွင့်ရထားသည့် ၂၂ သင်းမှာ မြန်မာအပါအဝင် တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ကူဝိတ်၊ ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ ဂျော်ဒန်၊ ပါလက်စတိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကာဂျစ္စတန်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မွန်ဂိုလီးယား၊ အာဖဂန်နစ္စတန်၊ ဟောင်ကောင်၊ မော်လ်ဒိုက်၊ သီရိလင်္ကာ၊ နီပေါ၊ ယီမင်နှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ဖြစ်ကြောင်း သိရသည်။

ကိုညီလေး