အအိပ်ဆတ်တဲ့သူတွေ ဒါတွေကို သိထားသင့်တယ်နော်

၁၇ ဇန်နဝါရီ

 

အိပ်တဲ့အခါမှာ ဘေးပတ်ဝန်းကျင်က အသံဘယ်လောက်ဆူညံနေနေ လုံးဝမနိုးဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်တဲ့သူတွေကို အအိပ်မက်သူတွေလို့ ဆိုနိုင်ပြီး သူတို့နဲ့ ပြောင်းပြန် အသံနည်းနည်းကြားလိုက်တာနဲ့ လန့်နိုးလာတဲ့သူတွေကို အအိပ်ဆတ်တယ်လို့ ဆိုနိုင်ပါတယ်။

 

အအိပ်ဆတ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းအများစုကတော့

အအိပ်ဆတ်တဲ့ မိဘမျိုးရိုးက ဆင်းသက်လာတာ

ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံ

အိပ်ပျော်နေစဉ် ဦးနှောက်ထဲမှာဖြစ်နေတဲ့ အာရုံကြောလှိုင်းတွေ အလုပ်လုပ်တဲ့ပုံစံ

ကိုယ်မသိသေးတဲ့ အိပ်စက်ခြင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါတစ်ခုခုရှိတာကြောင့် ဖြစ်နိုင်ပါတယ်။

လက်ရှိမှာတော့ အအိပ်ဆတ်ခြင်းကို ဖြစ်စေတဲ့ တိကျတဲ့အကြောင်းရင်းကို ရှာဖွေနိုင်ခြင်းမရှိသေးပါဘူး။

 

အအိပ်ဆတ်တဲ့သူတွေမှာ ပုံမှန်လူတွေထက် ပိုပြီး အိပ်ချိန်နည်းတတ်သလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခဲယဉ်းတဲ့အတွက် ရေရှည်ကျန်းမာရေးမှာ ထိခိုက်လာနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

 

အိပ်စက်ခြင်းအဆင့် ၂ မျိုးဆိုတာ ဘာလဲ။

ပုံမှန်အားဖြင့် အိပ်ပျော်သွားပြီးနောက်မှာ မျက်လုံးကလှုပ်ရှားနေပြီး အိပ်မက်မက်တဲ့ REM အဆင့်နဲ့ မျက်လုံးလှုပ်ရှားခြင်းမရှိဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Non-REM အဆင့်ဆိုပြီး နှစ်မျိုးရှိပါတယ်။

 

၁။ REM အဆင့်

အိပ်ပျော်သွားပြီး မိနစ် ၉၀ လောက်ကြာတဲ့အခါ REM အဆင့်သို့ ရောက်ရှိပါတယ်။ ဒီအခြေအနေမှာ

အိပ်မက်များစတင်မက်မယ်

မျက်လုံးက ဘေးဘက်တွေကို လျင်မြန်စွာ ရွေ့လျားနေမယ်

အသက်ရှူနှုန်းမြန်လာပြီး ပုံမှန်မဟုတ်တော့ဘူး

နှလုံးခုန်နှုန်းလည်း မြန်လာမယ်

သွေးပေါင်တက်လာမှာဖြစ်ပါတယ်။

 

၂။ Non-REM အဆင့်

စတင်အိပ်ပျော်သွားတဲ့အချိန်မှာ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းက ပုံမှန်ထက် အနည်းငယ်နှေးသွားပါတယ်။ ဦးနှောက်ထဲက အာရုံကြောလှိုင်းတွေ အလုပ်လုပ်ခြင်းဟာလည်း နှေးကွေးသွားပြီး တင်းနေတဲ့ ကြွက်သားတွေက စတင်ပြေလျော့ပါတယ်။ အဲ့နောက်မှာ မျက်လုံးလှုပ်တာတွေ ရပ်သွားပြီး ကိုယ်ခန္ဓါကလည်း သက်တောင့်သက်သာဖြစ်လာပါတယ်။ နောက်ဆုံးအခြေအနေမှာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့ အဆင့်ကိုရောက်ရှိသွားပါတယ်။

 

အအိပ်ဆတ်တဲ့သူတွေမှာ အိပ်ပျော်သွားတဲ့အချိန်မှာတောင် သူတို့ရဲ့ အကြားအာရုံနဲ့ ဦးနှောက်အာရုံကြောစနစ်က အရမ်းအလုပ်လုပ်နေပြီး အသံလေးတစ်ခုခု ကြားလိုက်တာ၊ ဘေးနားက လူက နည်းနည်းလေးလှုပ်လိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရာကနေ ရုတ်တရက်လန့်နိုးလာတာ ဖြစ်ပါတယ်။

 

လူတစ်ယောက်ရဲ့ အိပ်ချိန်က ဘယ်လောက်ရှိသင့်လဲ။

ကိုယ်က အအိပ်ဆတ်တာဖြစ်စေ၊ အအိပ်မက်တာဖြစ်စေ လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ရှိသင့်ရှိထိုက်တဲ့ အိပ်ချိန်ကို ပြည့်ဝစွာရရှိဖို့ လိုပါတယ်။ အသက်အရွယ်အပိုင်းအခြားအရ

မွေးကင်းစကလေးတွေ (၁၂နာရီမှ ၁၆နာရီထိ)

လေးဘက်ထောက်သွားတတ်တဲ့အရွယ် (၁၁နာရီမှ ၁၄နာရီထိ)

မူကြိုတက်စကလေးတွေ (၁၀နာရီမှ ၁၃နာရီထိ)

ကျောင်းနေအရွယ်ကလေးတွေ (၉နာရီမှ ၁၂နာရီထိ)

ဆယ်ကျော်သက်တွေ (၈နာရီမှ ၁၀နာရီထိ)

အသက် ၂၀ နောက်ပိုင်းလူကြီးတွေ (၇နာရီမှ ၈နာရီထိ) အိပ်ချိန်ကို ပြည့်ဝစွာရရှိရမှာ ဖြစ်ပါတယ်။

 

အသက်ငယ်သေးတဲ့ ကလေးတွေမှာ အိပ်နေတဲ့အချိန် ကြီးထွားဖွံ့ဖြိုးမှုကို ဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်ပေးပါတယ်။ လူကြီးပိုင်းရောက်လာတဲ့အခါမှာ အိပ်စက်ခြင်းသည် ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်၊ ကျန်းမာရေး၊ ကိုယ်ခံအားစနစ်၊ ဟော်မုန်းထုတ်လုပ်နှုန်း စတာတွေအပေါ် သက်ရောက်မှုဖြစ်စေပါတယ်။

 

အအိပ်ဆတ်တဲ့သူတွေ ကောင်းကောင်းအိပ်ပျော်နိုင်အောင် ဘာလုပ်သင့်လဲ။

၁။ ကိုယ့်ရဲ့ ညအိပ်ချိန်နဲ့ မနက်နိုးမယ့်အချိန်ကို ပုံသေသတ်မှတ်ထားပါ။ ဒီပုံစံအတိုင်းပဲ မပျက်မကွက်အိပ်ပါ။ ပိတ်ရက်မို့ နောက်ကျအိပ်ပြီး နောက်ကျထမယ်၊ ရုံးဖွင့်ရက်မို့ စောစောထလိုက်မယ်ဆိုတာမျိုး မလုပ်ပါနဲ့။

၂။ ညမအိပ်ခင် ရေနွေးနွေးနဲ့ ရေချိုးပေးပါ၊ ဒါမှမဟုတ် ရေစိမ်ပါ။ စာအုပ်ဖတ်ပါ။

၃။ အိပ်ခါနီး ၂နာရီခန့် ခြားပြီး ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ သုံးတာ၊ တီဗီကြည့်တာ ရပ်လိုက်ပါ။

၄။ ညအိပ်ချိန်နဲ့ အနည်းဆုံး ၃နာရီခြားပြီး အစာစားပါ။ အစာစားပြီး အိပ်တာမျိုးလုံးဝမလုပ်ပါနဲ့။

၅။ ကိုယ်အိပ်တဲ့ မွေ့ယာ၊ ကုတင်သည် သက်တောင့်သက်သာဖြစ်ရပါမယ်။

၆။ အိပ်ခန်းနေရာကို မှောင်ပြီး အသံတိတ်တဲ့နေရာကို ရွေးထားပါ။

၇။ နေ့လည်နေ့ခင်း ဒါမှမဟုတ် ညနေခင်း တစ်ရေးတမော အိပ်တာမျိုးမလုပ်ပါနဲ့။

၈။ အိပ်တဲ့အချိန်မှာ ကိုယ်ခန္ဓါအပူချိန် အေးမြနေစေဖို့ အဲကွန်း၊ ပန်ကာဖွင့်ထားပေးပါ။ အဲကွန်းဆို ပိုအဆင်ပြေပါတယ်။

၉။ လေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက် မနက်အစောပိုင်းမှာ လုပ်ပါ။

၁၀။ ကဖင်းဓါတ်ပါတဲ့ အရက်၊ ကော်ဖီ၊ အအေးရှောင်ပါ။

၁၁။ တတ်နိုင်ရင် တစ်ယောက်တည်းသီးသန့် အိပ်ပါ။ အိမ်သားတွေက ဟောက်တတ်တယ်ဆိုရင် သူတို့နဲ့ ဝေးတဲ့နေရာမှာအိပ်ပါ။

၁၂။ ကိုယ်အိပ်တော့မယ်ဆိုရင် အိမ်ကလူတွေကို အသံတိတ်တိတ်နေဖို့ ပြောထားပါ။

 

ဒီအချက်တွေက အအိပ်ဆတ်တဲ့သူတွေအတွက် အဓိက ပြင်ဆင်သင့်တဲ့ နေထိုင်မှုပုံစံတွေပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝနဲ့ ကျန်းမာရေးအတွက် အိပ်ချိန်ပြည့်ဝမှုဟာ အလွန်အရေးကြီးတယ်ဆိုတာ လုံးဝမမေ့လိုက်ပါနဲ့။ အအိပ်ဆတ်တဲ့ ကိုယ့်အခြေအနေကြောင့်ရေရှည်မှာ ကျန်းမာရေးကို မထိခိုက်လာစေဖို့ ဒီနည်းလမ်းတွေကိုသေချာလိုက်နာပြီး ကိုယ့်ရဲ့နေထိုင်မှု၊ အိပ်စက်မှုပုံစံကိုပြောင်းလဲလိုက်ဖို့ အကြံပေးလိုက်ပါတယ်နော်။

 

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”