အစားအသောက်ရောင်းချသည့်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး

မင်းတပ် ၁၀ ဇူလိုင်

မင်းတပ်မြို့ စည်ပင်ဧရိယာအတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အစားအသောက်တာဝန်ခံ ဦးကျော်ဆန်းလှိုင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၉ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ခရိုင်အစားအသောက်တာဝန်ခံ ဦးကျော်ဆန်းလှိုင်က “စားသောက်ဆိုင်နဲ့ လက်ဘက်ရည်ဆိုင် ရောင်းချတဲ့ ဆိုင်တွေအနေနဲ့ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးတာဖြစ်တယ်။ အခု မိုးရာသီကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမရှိစေရေး အစားအသောက် ချက်ပြုတ်တဲ့နေရာတွေ၊ အစားအသောက်ထားရှိတဲ့ နေရာသန့်ရှင်းသပ်ရပ်မှု ရှိ/မရှိကိုလည်း စစ်ဆေးတယ်။ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ပိုစတာတွေလည်း ဆိုင်တိုင်းမှာ ထပ်ပြီးကပ်ပေးထားတယ်” ဟုပြောကြားသည်။

 

မင်းတပ်မြို့ စည်ပင်ဧရိယာအတွင်း ရောင်းချလျှက်ရှိသည့် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချမှုရှိ/မရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရှောင်တစ်ခင်စစ်ဆေးမှုများ အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)