အဆင့်မြင့်တရားရေး သင်တန်းကျောင်းတစ်ခုဖြစ်သည့် Judicial College  နေပြည်တော်၌ တည်ဆောက်မည်

နေပြည်တော်  ၁၇   နိုဝင်ဘာ

 

တရားစီရင်ရေးလုပ်ငန်းအပေါ် အများပြည်သူ၏ ယုံကြည်ကိုးစားမှုရရှိရန် တရားသူကြီး တစ်ဦးချင်းအနေဖြင့် ဂုဏ်သိက္ခာရှိမှု၊ သမာသမတ်ရှိမှုသာမက ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိရန်လည်း လိုအပ်သည့်အတွက် တရားသူကြီးတစ်ဦးချင်း၏ ပညာရပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တိုးမြှင့်စေရန် အဓိကရည်ရွယ်၍ အဆင့်မြင့်တရားရေး သင်တန်းကျောင်း တစ်ခုဖြစ်သည့် Judicial College ကို နေပြည်တော်၌ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

အာဆီယံဒေသတွင်း တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် Judicial College တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အစီအစဉ်ဖြင့်ဖြစ်စေ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း များဖြင့် ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်များတွင်ဖြစ်စေ ဖွင့်လှစ်မည့်သင်တန်းများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်အောက်ရှိ တရားရုံးအဆင့်ဆင့်မှ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် အာဆီယံနိုင်ငံများမှ တရားရေးအရာရှိများ၊ တရားသူကြီးများလည်း ပါဝင်တက်ရောက်နိုင်ရန် မျှော်မှန်း၍ Judicial College ကို တည်ဆောက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် သုတေသနဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမာလာမော် က ပြောသည်။

 

Judicial College ကို နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိခရိုင် ဥတ္တရသီရိ မြို့ ဇဝနသိဒ္ဓိရပ်ကွက် နေကြာလမ်း၌ တည်ဆောက်သွားမည်ဖြစ်ပြီး အလျား (၁၆၄)ပေ၊ အနံ(၁၂၆)ပေရှိ သံကူကွန်ကရစ် သုံးထပ်အဆောက်အဦးအဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့ (၄)က တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်သည်။

 

Judicial College အဆောက်အဦ၏ မြေညီထပ်တွင် သင်တန်းခန်းမများနှင့် ဆွေးနွေးခန်းများ၊ စာကြည့်တိုက်နှင့် အင်တာနက်အသုံးပြုနိုင်ရန်အခန်း၊ စုပေါင်း အစည်းအဝေးခန်းမ၊ လုံခြုံရေးအခန်း၊ တာဝန်ကျရုံးခန်း၊ ဧည့်ခန်း၊ စားသောက်ခန်း၊ နားနေခန်းနှင့် စတိုခန်းများ ပါဝင်မည်ဖြစ်ပြီး ပထမထပ်နှင့် ဒုတိယထပ်တို့တွင် အမျိုးသား၊ အမျိုးသမီးအိပ်ဆောင်များ ပါဝင်မည်ဖြစ်သည်။

 

efwf

 

Judicial College အဆောက်အဦ တည်ဆောက်ရေးစီမံကိန်းတစ်ခုလုံး၏ တန်ဖိုးမှာ ငွေကျပ် ၂၄၀၁ သန်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း တစ်ထောင်ရန်ပုံငွေရရှိပြီး ဖြစ်ကာ တည်ဆောက်ရေးအပိုင်းများကို ရန်ပုံငွေရရှိမှုအရ ဘဏ္ဍာနှစ်အလိုက် တည်ဆောက် သွားမည်ဖြစ်ကြောင်း အဆောက်အဦ ဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့(၄)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နွယ်နီဝင်း ကပြောသည်။

 

အဆိုပါ Judicial College အဆောက်အဦ ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ တက်ရောက်၍ ပန္နက်တော်တင် တွင်းတော်ဝန်း ပေးကြသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် ၂၀၁၈-၂၀၂၂ ခုနှစ် (၅)နှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းတွင် “တရားစီရင်ရေး၏ ပညာရပ်ကျွမ်းကျင်မှု၊ တာဝန်ခံနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ဆောင်ရွက်ရန်” ဆိုသည့်အချက်ကို မဟာဗျူဟာနယ်ပယ်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပြီး တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၏ မဟာဗျူဟာ ရည်မှန်းချက်(၄ ဒသမ ၄)နှင့်အညီ အဆိုပါအဆင့်မြင့် တရားရေးသင်တန်းကျောင်း တည်ထောင် နိုင်ရေး ရေရှည်စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာ မာလာမော်က ပြောသည်။

 

Judicial College သည် ပထမဆုံး တရားရေးဆိုင်ရာ အဆင့်မြင့်သင်တန်း ကျောင်းဖြစ်ပြီး လက်ရှိကာလတွင် တရားသူကြီးများကို လေ့ကျင့်သင်ကြားပေးမှု အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ ၂၀ဝ၂ ခုနှစ်ကစတင်ဖွင့်လှစ်သည့် တရားရေး သင်တန်းကျောင်းတွင်  ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင် သင်တန်းနှင့် တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးများအတွက် မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။ သို့သော် အဆိုပါတရားရေး သင်တန်းကျောင်းမှာ နေရာအနေအထားအရ သင်တန်းသားဦးရေ ကန့်သတ်ချက်ဖြင့် သာ သင်ကြားနိုင်သည့်အပြင် ခေတ်နှင့်လျော်ညီသည့် သင်ထောက်ကူပစ္စည်းများ လိုအပ်မှု ရှိသည့်အတွက် ယခုကဲ့သို့ အဆင့်မြင့်သင်တန်းကျောင်းကို တည်ထောင်ခြင်း ဖြစ်ကြောင်း သိရသည်။

 

အာဆီယံနိုင်ငံများတွင်လည်း တရားရေးသင်တန်းကျောင်း၊ တရားရေးအကယ် ဒမီ၊ တရားရေးကောလိပ်များ တည်ထောင်၍ တရားရေးဆိုင်ရာ သင်တန်းများကို ပို့ချ ပေးလျက်ရှိပြီး အဆိုပါသင်တန်းများတွင် အခြားအာဆီယံနိုင်ငံများမှ တရားသူကြီး များကိုလည်း အတွေ့အကြုံဖလှယ်နိုင်ရေး ပါဝင်တက်ရောက်ရန် ဖိတ်ကြားကြကြောင်း၊ တရားသူကြီးများ အနေဖြင့် ထိုသို့ သင်တန်းများတက်ရောက်၍ အတွေ့အကြုံများ ဖလှယ်ခွင့်ရသည့်အတွက် အာဆီယံ ဒေသတွင်းတရားစီရင်ရေးပူးပေါင်းဆောင်ရွက်ရာ တွင် များစွာအကျိုးရှိပါကြောင်း ဒေါက်တာ မာလာမော်က ပြောသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း Judicial College အဆင့်မြင့် သင်တန်း ကျောင်း တည်ဆောက်ပြီးစီးပါက အာဆီယံနိုင်ငံများမှ တရားရေးအရာရှိများ၊ တရားသူ ကြီးများကို မိမိတို့နိုင်ငံတွင် ဖွင့်လှစ်မည့် တရားရေးသင်တန်းများတွင် တက်ရောက်နိုင်ရေး အာဆီယံတရားရေး အင်တာနက် အထူးစာမျက်နှာနှင့် တရားရေးဆိုင်ရာ လေ့ကျင့်ခြင်းနှင့် သင်ကြားပေးခြင်း လုပ်ငန်းအဖွဲ့တို့မှတစ်ဆင့် သင်တန်းချိတ်ဆက် ဖွင့်လှစ်ပေးနိုင်ရန်လည်း ရည်ရွယ်ထားကြောင်း ၎င်းကပြောသည်။

 

 

သတင်း-မျိုးသူဟိန်း