အစိုးရကိုယ်စားလှယ်များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏  “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး”ကျင်းပ

ရန်ကုန်   ၂၅  မေ

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီသည် ယနေ့ နံနက် ၁၁ နာရီခွဲက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေး” ကို ကျင်းပသည်။ 

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)  ဒုတိယဥက္ကဋ္ဌ ပဒိုစော ကွယ်ထူးဝင်းတို့က အဖွင့်အမှာစကား ပြောကြားသည်။ 

 

ယနေ့ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် စစ်ဆေးသည့် (Screening Point) များနှင့် နိုင်ငံတကာ အကူအညီရယူမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 

 

ဆွေးနွေးမှုများနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ““ ဒီနေ့ KNU  နဲ့  ဒုတိယအကြိမ် online အစည်းအဝေးကျင်းပပါတယ်။ ဆွေးနွေးတဲ့ အဓိကအချက်တွေကတော့ ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးအတွက် စစ်ဆေးတဲ့စခန်း (Screening Point) တွေမှာ တစ်ဖက်နဲ့တစ်ဖက်ကြားမှာ အထင်လွဲ မှားမှုတွေ ဖြစ်ခဲ့တာရှိတယ်။ အဲ့ဒီအပေါ်မှာ ညှိနှိုင်းဆွေးနွေးခဲ့တာပါတယ်။ နောက်တစ်ခုက နိုင်ငံတကာ အကူအညီပေးရေးကိစ္စတ ွေဆွေးနွေးတယ်။ အဲ့ဒီ ခေါင်းစဉ် (၂) ခုကို အဓိကထားဆွေးနွေးခဲ့တာ ရှိပါတယ်။ KNU ဘက်က ရှင်းပြတာကတော့ Screening Point တွေမှာ ယူနီဖောင်းဝတ်ပြီးတော့ မဆောင်ရွက်ဘူး။ လက်နက်ကိုင်ဆောင်ပြီး တော့လည်း မဆောင်ရွက်ဘူး။ KNU ဘက်က ကျန်းမာရေးဝန်ထမ်းနဲ့ KNU ရဲတပ်ဖွဲ့လို သူတွေက ကိုဗစ်-၁၉ ဆိုတဲ့ ကုတ်အကျီ ဝတ်ပြီးဆောင်ရွက်မယ်လို့ ရှင်းပြတာတွေ့ရတဲ့အတွက် ကော်မတီအနေနဲ့ ပြန်လည်ညှိနှိုင်း ဆွေးနွေးတာတွေလည်း ရှိပါတယ်။ 

 

“နိုင်ငံတကာ အကူအညီရယူဖို့ကိစ္စမှာတော့ ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာတုန်းက Option (၃) ခုကို ဆွေးနွေးခဲ့တယ်။ အဲ့ဒီအထဲကမှ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်မယ့် အရာမျိုးကို ဆွေးနွေးခဲ့ပါတယ်။ ကောင်းမွန်တဲ့ ဆွေးနွေးပွဲလို့ ပြောနိုင်ပါတယ်။ နောက်လိုအပ်ရင်တော့ KNU အပါအဝင် ကိုဗစ်ကိစ္စကို ချောချောမွေ့မွေ့ ထိန်းချုပ်ကာကွယ် ကုသနိုင်ဖို့ နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်ဦးမှာ ဖြစ်ပါတယ်။ အခုလကုန်လောက်မှာ အဝေးရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့ ပြန်လည် ဝင်ရောက်ဖိ်ု့ အထူးသဖြင့် ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်ဖို့ ရှိပါတယ်။ ဒီလိုကိစ္စတွေမှာလည်း နယ်စပ်ဒေသတွေမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားဖို့ ရှိပါတယ် ” ဟုပြောသည်။ 

 

ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ကိုယ်စားလှယ်များအဖြစ် ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးတို့  ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

 

သတင်း…ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်