အောက်တိုဘာလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၇၀၀၀ ကျော်နှင့် ပြည်တွင်း အလုပ်နေရာ ၂၇၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့

နေပြည်တော် ၁၅  နိုဝင်ဘာ

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်း ဝင်ငွေတိုးပွားစေရေး ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင် စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင် ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့်အလုပ်သမား ရှာဖွေရေး ရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက် ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအနေဖြင့် အစိုးရ အလုပ် ၁၀၀၂ ဦး၊ ပုဂ္ဂလိက အလုပ်အကိုင် ၂၆၂၆၀ စုစုပေါင်း ၂၇၂၆၂ ဦးကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့သည်။

၂၀၁၉ခုနှစ်၊‌ အောက်တိုဘာလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု အနေဖြင့် မလေးရှားနိုင်ငံသို့ ၆၆၇၉  ဦး၊ စင်ကာပူနိုင်ငံသို့ ၂၁ ဦး၊ ကိုရီးယားနိုင်ငံ သို့ ၁၂၁ ဦး၊  ထိုင်းနိုင်ငံ သို့ ၁၉၆၆၇ ဦး၊ ဂျပန်နိုင်ငံ သို့ ၆၅၉ ဦး၊ ယူအေအီးနိုင်ငံ သို့ ၁၈ ဦး၊ ဂျော်ဒန် နိုင်ငံသို့ ၁၆ ဦး၊ ကာတာနိုင်ငံသို့  ၅ ဦး စုစုပေါင်း ၂၇၁၈၆ ဦးကို အလုပ်အကိုင် ရှာဖွေပေး နိုင်ခဲ့ကြောင်း သိရသည်။  

(သတင်းစဉ်)