အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့

၁၈  ဇူလိုင်

သူသာရှိလျှင်

သူ၏နိုင်ငံ၊ ကြမ္မာကံကို

စီမံလိမ့်မည်၊ ဖန်တီးမည်ဟု

ပြည်သူတိုင်းက ယုံကြည်ကြ၏။

သူသာရှိလျှင်

သူ၏ ပြည်ဖွား၊ ဆင်းရဲသားတို့

စားဝတ်နေမှု၊ ကျန်းမာမှုနှင့်

သိမှုတတ်မှု၊ ယဉ်ကျေးမှုကို

ဂရုစိုက်မည်၊ စောင့်ရှောက်မည်ဟု

ပြည်သူတိုင်းက ယုံကြည်ကြ၏။

သူသာရှိလျှင်

သူ၏ ဉာဏ်စွမ်း၊ ကိုယ့်အစွမ်းသည်

သူ့ဝမ်းသူ့ခါး၊ သူ့မယားနှင့်

သူ့သားတွက်ပေ၊ မဟုတ်လေဘဲ

သူနေထိုင်သည့်၊ သူ့တိုင်းပြည်တွက်

သူ့ပြည်နေရာ၊ သူ့ကမ္ဘာတွက်

မေတ္တာဓာတ်ခံ၊ အပင်သန်လျက်

အားမာန်ထုတ်မည်၊ ဦးဆောင်မည်ဟု

ပြည်သူတိုင်းက ယုံကြည်ကြ၏။

သူသာရှိလျှင်

သူ၏ပြည်အား၊ ကျူစော်ကားက

အသားအသွေး၊ အသက်စတေးလျက်

ပြည်ရေးဆောင်မည်၊ ကာကွယ်မည်ဟု

ပြည်သူတိုင်းက ယုံကြည်ကြ၏။

သူသာရှိလျှင်

သူ၏ပြည်တွင်း၊ တသွေးချင်းတို့

စစ်ခင်းသည့်ပွဲ၊ ပြီးပြတ်စဲလို့

လက်တွဲလက်ချိတ်၊ ညီခင်စိတ်ဖြင့်

ပွဲတိတ်စေမည်၊ ဖြေရှင်းမည်ဟု

ပြည်သူတိုင်းက ယုံကြည်ကြ၏။

အရုဏ်တက်တွင် တိုက်ပွဲဝင်ခိုက်

သူလျှင်ကျဆုံး၊ တစ်ပြည်လုံးက

ယူကျုံးမရ၊ ဖြစ်ခဲ့ရလည်း

သူက ရှေ့ဆောင်၊ မီးတန်ဆောင်သည်

ထွန်းပြောင်နေဘိ၊ လင်းတုန်းရှိ၍

သူ၏ကိုယ်စား၊ သူ့စိတ်ထားက

ညွှန်ကြားလိမ့်မည်၊ ခေါင်းဆောင်မည်ဟု

ပြည်သူတိုင်းက ယုံကြည်ကြ၏။

တင်မိုး ပန်းဈေးခင်း (၁၉၆၇ ခုနှစ်) မှ