အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာတွင် ကျင်းပဖွယ်ရှိ

၇ ဇူလိုင်

 

ONE Championship ၏ ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာတွင် ကျင်းပဖွယ်ရှိနေသည်။

 

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ပြိုင်ဘက်ဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခင်က ဧပြီ ၁၀ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး မေလတွင် ကျင်းပရန် ပြောင်းလဲစီစဉ်သော်လည်း ရောဂါအခြေအနေ တည်ငြိမ်မှုမရှိသောကြောင့် ထပ်မံရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ ONE Championship သည် ပြီးခဲ့သည့်ရက်ပိုင်းက ယခုနှစ်အတွင်း ကျင်းပမည့်ပြိုင်ပွဲများကို ထုတ်ပြန်ခဲ့ရာ အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ပါဝင်သည့် ONE Infinity-1 ပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် လအနည်းငယ်ကြာ ပြိုင်ပွဲများ ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း ONE Championship သည် ဇူလိုင် ၃၁ ရက်တွင် ထိုင်းနိုင်ငံ၌ ပြိုင်ပွဲစတင်ကျင်းပမည်ဖြစ်ပြီး ပရိသတ်မပါဘဲ ကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆန်သည် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါခံစားနေရသော်လည်း ပြိုင်ပွဲအမီ ပြန်လည်လေ့ကျင့်နိုင်ဖွယ်ရှိနေပြီး ကျန်းမာရေးအခြေအနေ တိုးတက်မှုရှိကြောင်း သိရသည်။

 

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည် သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် တစ်ကြိမ်စီ အနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် ပထမအကြိမ် တွေ့ဆုံရာတွင် ပြင်ဆင်မှုအချိန် နည်းပါးခဲ့သော်လည်း ဘစ်ဒက်ရှ်ကို အရေးနိမ့်ခဲ့သော်လည်း ခြောက်လအကြာတွင် ပြန်လည်စိန်ခေါ်ရာတွင် အမှတ်ဖြင့် ပြန်လည်အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ရယူနိုင်ခဲ့ပြီး ယင်းနောက်ပိုင်း ချန်ပီယံကာကွယ်ပွဲ သုံးပွဲထိုးသတ်ခဲ့ရာ ဂျပန်နိုင်ငံသား ဟဆဲဂါဝါကိုနှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီကို တစ်ပွဲအနိုင်ရခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်

 

mdn