အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ အောက်တိုဘာ ၃၀ ရက်တွင်ကျင်းပမည်

၂၉ အောက်တိုဘာ

မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ ၃၀ ရက် ညပိုင်းတွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ် ရမည်ဖြစ်သည်။

အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲပါဝင်သည့် Inside The Matrix အမည်ရပြိုင်ပွဲကို မြန်မာစံတော်ချိန် ည ၇ နာရီမှစတင်ကာ ကျင်းပမည်ဖြစ်ပြီး ချန်ပီယံလုပွဲလေးပွဲနှင့် စိန်ခေါ်ပွဲနှစ်ပွဲ ပါဝင်မည်ဖြစ်သည်။

ONE Championship ၏ နာမည်ကြီးကစားသမားအများစု ပါဝင်လာသည့်ပြိုင်ပွဲဖြစ်ပြီး ယခုနှစ်အတွင်း ကျင်းပသည့် ပြိုင်ပွဲများအနက် ကမ္ဘာ့ချန်ပီယံလုပွဲလေးပွဲအထိ ပါဝင်နေရာ စိတ်ဝင်စားစရာအကောင်းဆုံးပြိုင်ပွဲလည်း ဖြစ်သည်။ 

အောင်လအန်ဆန်မှာလည်း ၎င်းရရှိထားသည့် ကမ္ဘာ့ချန်ပီယံဆုများအနက် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် လေးပွဲမြောက် ထိုးသတ်ခြင်းဖြစ်ပြီး အနိုင်ရရန် အကောင်းဆုံးပြင်ဆင်ထားကြောင်း သိရသည်။

ပြိုင်ဘက် ဒီရစ်ဒါမှာလည်း ၁၂ ပွဲစလုံးအနိုင်ရထားပြီး ရှုံးပွဲမရှိသေးရာ အောင်လအန်ဆန်အတွက် ပြိုင်ဘက်ကောင်း ဖြစ်လာနိုင်သည်။

Inside the Matrix ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဒီရစ်ဒါ၊ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ခရစ္စတီယန်လီနှင့် စိန်ခေါ်သူ လာပီကတ်စ်၊ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ မာတင်ငုယင်နှင့် စိန်ခေါ်သူ ထရန်လီ၊ အမျိုးသမီး စထရောဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ရှောင်ကျင်နန်နှင့် စိန်ခေါ်သူ တက်ဖနီတီယိုတို့ ထိုးသတ်မည်ဖြစ်သည်။

စိန်ခေါ်ပွဲနှစ်ပွဲအဖြစ် လိုက်ဝိတ်တန်းတွင် ဖိုလာရန်နှင့် အန်တိုနီယို၊ အမျိုးသမီးပွဲစဉ်တွင် ရီတူဖိုဂတ်နှင့် ဆရီပိုဗ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ONE Championship