AFC Cup အုပ်စုဒုတိယပွဲတွင် ရန်ကုန်အသင်း အိမ်ကွင်း၊ ရှမ်းအသင်း အဝေးကွင်းကစားရမည်

၂၄ ဖေဖော်ဝါရီ

၂၀၂၀ AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်ကို ဖေဖော်ဝါရီ ၂၅၊ ၂၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရန်ကုန်အသင်းက အိမ်ကွင်း၊ ရှမ်းယူနိုက်တက်အသင်းက အဝေးကွင်း ကစားရမည်ဖြစ်သည်။

 

အုပ်စုအဖွင့်ပွဲတွင် မြန်မာကလပ်အသင်းနှစ်သင်းစလုံး နိုင်ပွဲပျောက်ဆုံးခဲ့သောကြောင့် ရလဒ်ကောင်းရရန် ကြိုးပမ်းရမည်ဖြစ်ပြီး အနိုင်ရရှိမှသာ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်အတွက် ပိုမိုအားကောင်းမည် ဖြစ်သည်။ အုပ်စုဒုတိယပွဲအဖြစ် ဖေဖော်ဝါရီ ၂၅ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏကွင်း၌ ရန်ကုန်အသင်းနှင့် လာအိုကလပ် လာအိုတိုယိုတာအသင်း၊ ဖေဖော်ဝါရီ ၂၆ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် အင်ဒိုနီးရှားကလပ် မာကာဆာအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ နှစ်သင်းစလုံး နိုင်ပွဲရယူနိုင်ရန် မဖြစ်မနေကြိုးပမ်းရမည်ဖြစ်ပြီး ရန်ကုန်အသင်းသည် အိမ်ကွင်းကစားရမည် ဖြစ်သောကြောင့် အခွင့်အရေးအသုံးချနိုင်ရန် လိုအပ်နေသည်။ ရန်ကုန်အသင်းတွင် အမာခံကစားသမား အများစု ပါဝင်လာမည်ဖြစ်ပြီး ရာသီကြိုတွင် ကစားသမားသစ်များစွာ ခေါ်ယူထားသောကြောင့် အထိုင်မကျသေးဘဲ အဖွင့်ပွဲတွင် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်းနှင့် နှစ်ဂိုးစီသရေကခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် အဖွင့်ပွဲတွင် ဖိလစ်ပိုင်ကလပ် ကာယာအသင်းကို အိမ်ကွင်း၌ မထင်မှတ်ဘဲ နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့သောကြောင့် ယခုပွဲတွင် ရုန်းကန်ရတော့မည်ဖြစ်ပြီး AFC Cup ပြိုင်ပွဲတွင် ရှုံးပွဲဆက်နေမှုကလည်း နိုင်ပွဲပြန်ရရန် တွန်းအားဖြစ်လာနိုင်သည်။

 

သို့သော် နိုင်ငံခြားသားတိုက်စစ်မှူး ကိသ်မာတူနာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခြင်းကြောင့် တိုက်စစ်အား ပျော့နိုင်ပြီး နည်းပြချုပ် ဦးအောင်နိုင်အနေဖြင့် အပြောင်းအလဲပြုလုပ်ရမည်ဖြစ်သည်။ ရန်ကုန်အသင်းပါဝင်သည့် အုပ်စု (F) တွင် ဟောင်အန်ယူနိုက်တက် (စင်ကာပူ)က သုံးမှတ်၊ ဟိုချီမင်းစီးတီး (ဗီယက်နမ်) နှင့် ရန်ကုန် (မြန်မာ) က တစ်မှတ်စီ၊ လာအိုတိုယိုတာ (လာအို) က အမှတ်မရသေးပေ။ ရန်ကုန်အသင်းနှင့် ကစားမည့် လာအိုတိုယိုတာအသင်းသည် အဖွင့်ပွဲတွင် စင်ကာပူကလပ် ဟောင်အန်အသင်းကို အိမ်ကွင်း၌ သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ရှမ်းယူနိုက်တက်အသင်း ပါဝင်သည့် အုပ်စု (H) တွင် ကာယာ (ဖိလစ်ပိုင်) နှင့် တမ်ပနိစ်ရိုဗာ (စင်ကာပူ) က သုံးမှတ်စီရထားပြီး မာကာဆာ (အင်ဒိုနီးရှား) နှင့် ရှမ်းယူနိုက်တက် (မြန်မာ) တို့မှာ အမှတ်မရသေးပေ။ ရှမ်းအသင်းနှင့် တွေ့ဆုံမည့် မာကာဆာအသင်းသည် အဖွင့်ပွဲတွင် တမ်ပနိစ်ရိုဗာကို အဝေးကွင်း၌ နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ထားသည်။

 

ရှမ်းယူနိုက်တက်အသင်းသည် မာကာဆာအသင်းနှင့် အဝေးကွင်းပွဲယှဉ်ပြိုင်ရန် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်