အီရတ်မြောက်ပိုင်း စစ်ဆင်ရေးတစ်ခုတွင် အိုင်အက်စ်စစ်သွေးကြွ ခြောက်ဦး သေဆုံး

၁  ဒီဇင်ဘာ

 

အီရတ်နိုင်ငံမြောက်ပိုင်း နီနိဗေးပြည်နယ်၏ တောင်ဘက်ရှိ အစွန်းရောက်အစ္စလာမ္မစ်အဖွဲ့ (အိုင်အက်စ်)စစ်သွေးကြွများကို အီရတ်အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ (စီတီအက်စ်)၏ ကွန်မန်ဒိုတပ်ဖွဲ့က စစ်ဆင်ရေးတစ်ခုလုပ်ဆောင်ခဲ့ရာ အိုင်အက်စ်စစ်သွေးကြွ ခြောက်ဦးသေဆုံးခဲ့ကြောင်း စီတီအက်စ်က ယမန်နေ့က ပြောကြားသည်။

 

အမေရိကန်ဦးဆောင်သည့်အပြည်ပြည်ဆိုင်ရာ ညွန့်ပေါင်းတိုက်လေယာဉ်များဖြင့် ကူညီထောက်ပံ့ပေးထားသော စီတီအက်စ်အဖွဲ့က ဘဂ္ဂဒက်မြို့မြောက်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာ နီနိဗေးပြည်နယ် မိုဆူးလ်မြို့တောင်ဘက် မာ့ခ်မောတောင်ရှိ အိုင်အက်စ်စစ်သွေးကြွများ အသုံးပြုသည့် လိုဏ်ခေါင်းတစ်ခုကို  တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

 

၎င်းတပ်ဖွဲ့များက အစွန်းရောက်စစ်သွေးကြွများအား တိုက်ခိုက်ခဲ့သည့် ထိုစစ်ဆင်ရေးတွင် အိုင်အက်စ်စစ်သွေးကြွသုံးဦး သေဆုံးခဲ့ပြီး အခြားစစ်သွေးကြွများမှာ ထိုတိုက်ပွဲမှလွတ်မြောက်ရန် ကြိုးစားနေစဉ် ညွန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။

 

ထိုစစ်ဆင်ရေးတွင် စီတီအက်စ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထပ်လောင်းဖော်ပြထားသည်။

 

စစ်ဆင်ရေးများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ အိုင်အက်စ်စစ်သွေးကြွများကို လိုက်လံရှာဖွေခဲ့သော်လည်း ပြီးခဲ့သည့် လများက အီရတ်မြို့တော် ဘဂ္ဂဒက်မြောက်ပိုင်းရှိ တောင်တန်းနှင့်ကျေးလက်ဒေသများတွင် အိုင်အက်စ်စစ်သွေးကြွများ၏ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုများကို မျက်မြင်တွေ့ခဲ့ရသည်။

 

အီရတ်လုံခြုံရေးတပ်ဖွဲ့များသည် ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် နိုင်ငံတစ်ဝန်းရှိ စစ်သွေးကြွများကို လုံးလုံးလျားလျား အနိုင်ရခဲ့ပြီးချိန်မှစတင်ကာ အီရတ်နိုင်ငံ၏လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာခဲ့သည်။

 

သို့ရာတွင် မြို့ပြဒေသများ၊ သဲကန္တာရများနှင့် ကျောက်ဆောင် ကျောက်ကမ်းပါး ပေါများသော ဒေသများတွင် အိုင်အက်စ်အကြွင်းအကျန်များ ပျောက်ကွယ်သွားခဲ့ပြီးနောက် အရပ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့များကို ပြောက်ကျားတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို