အီရတ်နိုင်ငံမှာအလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရန် သင်္ဘော နဲ့ လေယာဉ်တွေ  စေလွှတ်မယ်

၈ ဇန်နဝါရီ

 

အီရတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားဖိလစ်ပိုင်နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရန် ကုန်တင်လေယာဉ်တွေနဲ့အတူ သင်္ဘောတစ်စင်း စေလွှတ်မယ်လို့ ဒီကနေ့(ဗုဒ္ဓဟူးနေ့) မှာ ဖိလစ်ပိုင်တာဝန်ရှိသူ တွေက ပြောကြားပါတယ်။ 

 

ပြီးခဲ့သောကြာနေ့က အမေရိကန်နိုင်ငံရဲ့ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်းမှာ အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီ သေဆုံးခဲ့တဲ့အတွက် အီရန်နိုင်ငံက လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ပြောကြားအပြီးမှာ ဖိလစ်ပိုင်က သူ့နိုင်ငံသားတွေကို ပြန်လည်ခေါ်ရေးဟာ မလုပ်မဖြစ်တဲ့အတွက် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ပြောကြားပါတယ်။

 

အီရတ်နိုင်ငံတွင်းမှာ ဖိလစ်ပိုင်နိုင်ငံသား ၁၆၀၀ ခန့် အလုပ်လုပ်ကိုင်နေပြီး အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးမှာတော့ ဖိလစ်ပိုင်နိုင်ငံသား နှစ်သန်းနီးပါး အလုပ်လုပ်နေကြောင်း သိရပါတယ်။ 

 

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက စစ်သုံးကုန်တင်လေယာဉ် အနည်းဆုံးသုံးစီး နဲ့ အသစ်တည်ဆောက်ထားတဲ့ ကမ်းခြေစောင့်သင်္ဘော တစင်းတို့ စေလွှတ်ပြီး ဖိလစ်ပိုင်နိုင်ငံသားတွေကို အန္တရာယ်မရှိအောင် ဆောင်ရွက်မယ်လို့ ပြောကြားပါတယ်။ 

 

ဖိလစ်ပိုင်နိုင်ငံသား ၁၀ သန်းနီးပါးဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်လုပ်ကိုင်ပြီး နိုင်ငံတွင်းကို ငွေကြေးပို့ဆောင်ပေးလျှက်ရှိပါတယ်။ 

 

MDN
ကိုးကား - AFP