အီတလီကို ရှုံးနိမ့်ခဲ့သော်လည်း ယူရိုပြိုင်ပွဲနောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည့် ဝေးလ်

ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ် (၃) အဖြစ် အုပ်စု (A) မှ ဆွစ်ဇာလန်နှင့် တူရကီ၊ အီတလီနှင့် ဝေးလ်အသင်းတို့ပွဲစဉ်ကို ယမန်နေ့ ညပိုင်းက တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားခဲ့ရာ ဆွစ်ဇာလန်နှင့် တူရကီအသင်းတို့ ပွဲစဉ်တွင် ဆွစ်ဇာလန်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အီတလီနှင့် ဝေးလ် အသင်းတို့ ပွဲစဉ်တွင် အီတလီအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဆွစ်ဇာလန်အသင်းသည် ယနေ့ပွဲစဉ်တွင် တူရကီအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် ဝေးလ်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည်နေပြီး အကောင်းဆုံး အုပ်စု တတိယဖြင့် နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေးကောင်းတစ်ခု ပိုင်ဆိုင်ခဲ့သည်။ ဝေးလ်အသင်းသည် ယနေ့ ပွဲစဉ်တွင် အီတလီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဆွစ်ဇာလန်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုဒုတိယရရှိကာ ယူရိုပြိုင်ပွဲ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

အဆိုပါ အုပ်စုတွင် အီတလီအသင်းက သုံးပွဲကစား သုံးပွဲနိုင် ရမှတ်ကိုးမှတ်နှင့်အတူ အုပ်စုပထမဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ တူရကီအသင်းသည် သုံးပွဲကစားထားပြီး သုံးပွဲစလုံး ရှုံးနိမ့် ခဲ့သည့်အတွက် ယူရို ၂၀၂၀ ပြိုင်ပွဲကို အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရသည်။ တူရကီအသင်းသည် အဆိုပါ သုံးပွဲတွင် ပေးဂိုး ရှစ်ဂိုးအထိရှိပြီး ရဂိုးက တစ်ဂိုးသာရှိခဲ့သည်။ ထို့ကြောင့် တူရကီအသင်းသည် ယူရိုပြိုင်ပွဲတွင် အဆိုးရွားဆုံးအသင်း အဖြစ် မှတ်တမ်းဆိုးတစ်ရပ်ကို ပိုင်ဆိုင်ခဲ့သည်။

အီတလီအသင်းနှင့် ဝေးလ်အသင်းတို့ပွဲစဉ်တွင် ပွဲချိန် ၅၅ မိနစ်၌ ဝေးလ်အသင်းမှ အမ်ပါဒူကို အနီကတ်ပြ ထုတ်ပယ်ခံရမှုသည် ၂၀၀၄ ခုနှစ်တွင် နယ်သာလန်အသင်းနှင့် ချက်အသင်းတို့ပွဲစဉ်မှ နယ်သာလန်ကစားသမား ဟီတင်ဂါ (၂၀နှစ်၊ ၂၁၇ ရက်) ပြီးနောက် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွင် ၂၀ နှစ်၊ ၂၇၉ ရက်ဖြင့် ဒုတိယမြောက် အသက်ငယ်ဆုံး အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့အပြင် အီတလီအသင်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ပေါ်တူဂီအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ယခုအခါ ပြိုင်ပွဲစုံ ပွဲ ၃၀ မရှုံးနိမ့်အောင် ကစားထားနိုင်သည့်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ အီတလီအသင်းသည် အဆိုပါ ပွဲ ၃၀ တွင် ၂၅ ပွဲနိုင်ပြီး ငါးပွဲသာ သရေကျထား သည်။ ထို့ကြောင့် အီတလီအသင်းသည် ၁၉၃၅ ခုနှစ်မှ ၁၉၃၉ ခုနှစ်အတွင်း ၎င်းတို့၏ သမိုင်း တစ်လျှောက် တင်ထားခဲ့သော အရှည်ကြာဆုံး ရှုံးပွဲမရှိမှုစံချိန်ကို လိုက်မီခဲ့သည်။

ဝေးလ်အသင်းသည် အီတလီအသင်းနှင့် တွေ့ဆုံခဲ့သည့် ခုနစ်ကြိမ်တွင် ခြောက်ပွဲအထိ ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် အီတလီအသင်းသည် ပြီးခဲ့သည့်ပြိုင်ပွဲအရပ်ရပ် ၁၁ ပွဲတွင် ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်သည်။

အောင်ဇော်