အီတလီနိုင်ငံသား စက်ဘီးစီးအဖွဲ့ မြင်းခြံမြို့သို့ ရောက်ရှိ

မြင်းခြံ ၁၈ ဇန်နဝါရီ

 

အီတလီနိုင်ငံ၊ Veneto ဒေသ Porto Viro ခရီးသည် (၄) ဦးပါ စက်ဘီးစီးအဖွဲ့သည် မန္တလေးမြို့၊ အင်းဝမြို့ဟောင်းတို့မှ ယနေ့နံနက်ပိုင်းတွင် ထွက်ခွာလာခဲ့ပြီး မြင်းခြံမြို့နယ်အတွင်းသို့ နေ့ (၁၂) နာရီ အချိန်တွင် ရောက်ရှိခဲ့ရာ မြင်းခြံမြို့မှ တာဝန်ရှိသူများနှင့် မြင်းခြံစက်ဘီးချစ်သူများအဖွဲ့တို့မှ နဘူးအိုင်ကျေးရွာမှ ကြိုဆို၍ မြင်းခြံမြို့တွင်းသို့ ခေါ်ဆောင်ခဲ့ကြသည်။

 

အဆိုပါ အီတလီနိုင်ငံသား Mr. MAURO GARBIN, Mr. VINCENZO MANCIN, Mr. VITTORIO CACCIATORI, Mr. MARIO MANTOVAN တို့ (၄) ဦးသည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်၊ ပုဂံ(ရုံးခွဲ)တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်တို့ လိုက်ပါလျက် မန္တလေးမှ ထွက်ခွာလာခဲ့ပြီး မြင်းခြံမြို့သို့ ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဖြိုးအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဦးမြင့်သူနှင့် ကြက်ခြေနီအဖွဲ့များ၊ အဖြူရောင်လက်များ ပရ ဟိတ အသင်း၊ မြင်းခြံစက်ဘီးချစ်သူများအဖွဲ့မှ နာယက ဦးမြမောင် ဦးဆောင်သော စက်ဘီးစီးအဖွဲ့တို့သည် မြင်းခြံမြို့အတွင်းသို့ ကြိုဆိုခေါ်ဆောင်လာခဲ့ကြသည်။

 

အီတလီနိုင်ငံသား ကမ္ဘာလှည့် စက်ဘီးစီးသည့်အဖွဲ့သည် လမ်းတစ်လျောက်ရှိ မြို့များတွင် ရှေးဟောင်းယဉ်ကျေးမှုများ လေ့လာခြင်း၊ သဘာဝအလှများ လေ့လာကြည့်ရှုမှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထိုအီတလီနိုင်ငံသား ကမ္ဘာလှည့် စက်ဘီးစီးအဖွဲ့နှင့်အတူ မြင်းခြံမြို့ စက်ဘီးချစ်သူများအဖွဲ့သည် မြို့ဝင်ဆိုင်းဘုတ်နှင့် ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အမှတ်တရ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး အနားယူမည့် နေရာသို့‌ ရောက်ရှိသောအခါ အမှတ်တရအဖြစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဝတ်ဆင်ခဲ့သော အီတလီနိုင်ငံအင်္ကျီအား လက်မှတ်ရေးထိုး၍ မြင်းခြံစက်ဘီး ချစ်သူများအဖွဲ့ သို့ ပေးအပ်ခဲ့သည်။

 

အဆိုပါ အဖွဲ့သည် မြင်းခြံမြို့တွင် တစ်ညတာ အနားယူပြီး (၁၉) ရက်နေ့ နံနက်အချိန်တွင် ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံသို့ ဆက်လက်ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)