အိန္ဒိယ၌ ဘွိုင်လာအိုး ပေါက်ကွဲမှုကြောင့် လူခြောက်ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိ

နယူးဒေလီ ၁ ဇူလိုင်

 

အိန္ဒိယနိုင်ငံတောင်ဘက် တမီးလ်နဒူပြည်နယ် နေဗလီခရိုင်ရှိ NLC India ကုမ္ပဏီ၏ ဓာတ်အားပေးစက်ရုံ၌ ဘွိုင်လာအိုးပေါက်ကွဲမှု ယနေ့ဖြစ်ပွားခဲ့ရာ လူခြောက်ဦးထက်မနည်းသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

 

အဆိုပါ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ယနေ့ နံနက် ၁၀ နာရီခန့်က အမှတ်(၂) ဓာတ်အားပေးစက်ရုံရှိ ယူနစ် (၅)၌ ကုမ္ပဏီဝန်ထမ်များ အလုပ်လုပ်နေကြစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘွိုင်လာအိုးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်ပွားသည့်နေရာ၌ သေဆုံးသူနှစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိပြီး ကျန်လေးဦးတို့၏ အလောင်းကို နောက်မှ ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူများ၏ အချက်အလက်ကို တာဝန်ရှိသူများက သေချာအောင် လေ့လာစိစစ်လျက်ရှိကြောင်း သိရသည်။

 

ဘွိုင်လာအိုးပေါက်ကွဲမှု၌ ဒဏ်ရာရရှိသူ ၁၆ ဦးကို ဆေးဝါးကုသမှုခံယူရန် ဒေသဆိုင်ရာ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ထားပြီး ၎င်းတို့အနက် ၁၁ ဦးသည် ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသူ ဦးရေလည်း နောက်ထပ် တိုးလာနိုင်ဖွယ်ရှိကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောကြားသည်။

 

ပြီးခဲ့သည့် မေ ၇ ရက်က တာမီးလ်နဒူပြည်နယ် ကျုဒါလောခရိုင်ရှိ အဆိုပါ ကုမ္ပဏီ၏ အခြားစက်ရုံတစ်ခုတွင် အလားတူ ဘွိုင်လာအိုးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ယခုပေါက်ကွဲမှုသည် နှစ်လတာအတွင်း ဒုတိယအကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ