အိန္ဒိယ၌ သီတင်းပတ်အနည်းငယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အသင့်ရှိမည်ဟု မိုဒီပြောကြား

နယူးဒေလီ ၄  ဒီဇင်ဘာ
 
အိန္ဒိယနိုင်ငံ၌ သီတင်းပတ် အနည်းငယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အဆင်သင့်ရှိတော့မည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ယနေ့ပြောကြားသည်။

ကာကွယ်ဆေး၏ ဈေးနှုန်းနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ပြည်ထောင်စုအစိုးရအနေဖြင့် အိန္ဒိယသိပ္ပံပညာရှင်များထံမှ ခွင့်ပြုချက်ရရှိသည်နှင့် တစ်ပြိုင်နက် နိုင်ငံတစ်ဝန်းလုံးသို့ ကာကွယ်ဆေး ဖြန့်ဖြူးရေး လုပ်ငန်းကို စတင်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ကာကွယ်ဆေးဖြန့်ဖြူးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် ရှေ့တန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးဘက်ဝန်ထမ်းများကို ဦးစားပေးမည်ဖြစ်ကြောင်း မိုဒီက ဆိုသည်။

အိန္ဒိယနိုင်ငံအတွင်းရှိ အဓိကနိုင်ငံရေးပါတီအားလုံးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည့် ဗီဒီယိုကွန်ဖရင့် တစ်ရပ်၌ မိုဒီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဖြန့်ဖြူးရေးကွန်ယက်နှင့် ပတ်သက်၍ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသလို ကာကွယ်ဆေး သိုလှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများကိုလည်း လေ့လာလျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။

ပြည်နယ်အစိုးရများ၏ အကူအညီဖြင့် အခြားလိုအပ်သော အအေးခန်းသိုလှောင်ရုံများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အပံ့များကို လုပ်ဆောင်လျက်ရှိကြောင်း မိုဒီက ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရန် အလှမ်းမဝေးတော့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် သီတင်းပတ် အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံအတွက် အဆင်သင့်ရှိတော့မည်ဟု ကျွမ်းကျင်ပညာရှင်၏များက ယူဆကြောင်း မိုဒီကထပ်လောင်းပြောကြားသည်။

ကိုးကား - ဆင်ဟွာ  
Photo : PTI
ဘာသာပြန် - ဂျေတီ