အိန္ဒိယ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၃၀၈၂ ဦး တွေ့ရှိပြီး ၄၉၂ ဦး ထပ်မံသေဆုံး

နယူးဒေလီ နိုဝင်ဘာ ၂၈

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၃၀၈၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၃၀၉၇၈၇ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဌာနမှ ယမန်နေ့ထုတ်ပြန်သည့် နောက်ဆုံးအချက် အလက်များအရ သိရသည်။

ထို့ပြင် ၄၉၂ ဦး ထပ်မံသေဆုံးခဲ့ရာ အိန္ဒိယ ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၃၅၇၁၅ ဦးရှိလာခဲ့သည်။

ကူးစက်မှု ရုတ်တရက်မြင့်မား

ဒေလီမြို့တွင် မကြာသေးမီရက်များမှစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရုတ်တရက် မြင့်မားလျက်ရှိသည်။ ဒေလီမြို့၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၅၄၇၅ ဦး ထပ်မံတွေ့ရှိပြီး ရောဂါကြောင့် ၉၁ ဦး ထပ်မံသေဆုံးခဲ့သည်။

သို့သော် အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောလူနာ ၈၇၁၈၅၁၇ ဦး သည် ဆေးဝါးကုသမှုခံယူခဲ့ပြီးနောက် ဆေးရုံ များမှ ပြန်ဆင်းခဲ့ကြရာ လတ်တလောအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ ၄၅၅၅၅၅ ဦးသာ နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ 

တစ်ချိန်တည်းမှာပင် ဒေလီဒေသန္တရ ကျန်းမာရေးဝန်ကြီး ဆတ်တင်ဒရာဂျိန်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွား နေသည့်အတွက် ကျောင်းသားများ၏ ကျန်းမာရေး ဘေးကင်းလုံခြုံရေးအတွက် စာသင်ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိသည့်အထိ ဆက်လက် ပိတ်ထားမည်ဖြစ်ကြောင်း ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covaxin ကို တတိယအဆင့် စမ်းသပ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ