အိန္ဒိယနိုင်ငံ အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား လူတစ်ဦးသေဆုံး

နိုဝင်ဘာ ၂၅

 

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် ယနေ့ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားသည်။

 

ဒေလီအရှေ့ဘက် လူသိများသော Geeta Colony တွင် မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်သမားများ ယင်းနေရာသို့ ချက်ချင်းသွားရောက်မီးငြှိမ်းသတ်ခဲ့သည်။

 

ထိုနေရာတွင် စန်ဂျူလာလ်အမည်ရှိ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး၏မီးလောင်ကျွမ်းနေသော အလောင်းကိုတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများကဆိုသည်။

 

၎င်းစက်ရုံ မြေညီထပ်ရှိ အခန်းတစ်ခန်းတွင် မီးလောင်ကျွမ်းကာ အခြားအခန်းများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသည့်သတင်းကို မနက် ၃ နာရီဝန်းကျင်က လက်ခံရရှိခဲ့သည်ဟု ဒေလီမီးသတ်တပ်ဖွဲ့အကြီးအကဲက မီဒီယာကို ပြောကြားသည်။

 

ရဲတပ်ဖွဲ့က ထိုမီးလောင်မှုနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို