အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွား လူ ၇ ဦးသေဆုံး

၁၇ ဖေဖော်ဝါရီ

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း အတ်တာပရာဒတ်ရှ် ပြည်နယ်တွင် ယမန်နေ့ညက ယာဉ်တစ်စီးသည် ထရပ်ကားတစ်စီးနှင့် တိုက်မိကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသန္တရ ရဲအရာရှိက ယနေ့မနက်ပိုင်းက အတည်ပြုပြောကြားခဲ့သည်။

 

ထိုရဲအရာရှိ ပြောကြားချက်အရ ၎င်းကား၏ ကားဘီးတာယာတစ်ခု ကွဲထွက်သွားခဲ့ပြီး ကားကို အရှိန်မထိန်းနိုင်ဖြစ်ကာ ယင်းမတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ ထို့နောက် ထိုကားသည် မျက်နှာချင်းဆိုင်မှလာသော ထရပ်ကားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ထရပ်ကားနှင့်တိုက်မိခဲ့ပြီးနောက် ယင်းကားသည် မီးလောင်သွားခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်များ မီးလောင်သေဆုံးခဲ့သည်။

 

ထိုယာဉ်မတော်တဆမှုသည် Lucknow-Agra အဝေးပြေးလမ်းမအနီး အတ်တာပရာဒတ်ရှ် ပြည်နယ် Unnao ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို