အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁ ဒသမ ၆ သန်းနီးပါး ရှိသွားပြီဖြစ်

နယူးဒေလီ ၂၅ ဇန်နဝါရီ

အိန္ဒိယနိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ပြီးခဲ့သည့် သီတင်းပတ်က စတင်ခဲ့ပြီး စတင်ထိုးနှံပေးသည့်နေ့မှရှစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁ ဒသမ ၆ သန်းနီးပါး ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယအစိုးရက ဇန်နဝါရီ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့သူ ၁၉၂၆၀၉ ဦး ရှိခဲ့ခြင်းကြောင့် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၅၈၂၂၀၁ ဦးရှိလာခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ကနဦးအစီအစဉ်အရကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း သန်း ၃၀ ခန့်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးမည်ဖြစ်ပြီး ယင်းနောက်တွင် ရောဂါအခံရှိသည့် အသက် ၅၀ အထက်ရှိသူများနှင့် အသက် ၅၀ အောက်ရှိသူ စုစုပေါင်းသန်း ၂၇၀ ခန့်ကိုထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ပြည်နယ်ဝန်ကြီးချုပ်များသည် မတ်လသို့မဟုတ် ဧပြီလတွင် စတင်ထိုးနှံမည့် ကာကွယ်ဆေးထိုးနှံမှု ဒုတိယကာလတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်