အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များအနက်မှ ထပ်မံ၍ စစ်သည် ၁ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

နေပြည်တော် ၄ ဇူလိုင် 

 

အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များအနက်မှ ထပ်မံ၍ စစ်သည် ၁ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီးဆုံး၍ ဇွန် ၂၆ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာ ကန့်သတ်သီးခြားစောင့်ကြည့်ထားသည့် အရာရှိ၊ စစ်သည် ၄၈ ဦးအနက် စစ်သည် ၇ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု သတင်းအား ဇွန် ၂၇ ရက်၊ ၂၈ ရက်နှင့် ဇူလိုင် ၃ ရက်တို့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။

 

ဇူလိုင် ၃ ရက်တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် စစ်သည် ၂ ဦးနှင့် ထိတွေ့ဆက်စပ်မှုရှိသူ စုစုပေါင်း ၆၈ ဦးကို သီးခြားစောင့်ကြပ်ကြည့်ရှုပြီး ယနေ့တွင်၎င်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အားရယူ၍ မင်္ဂလာဒုံမြို့နယ်ရှိတပ်မတော်ဆေးရုံကြီး (ခုတင်-၁၀ဝ၀)၌ Polymerase Chain Reaction (PCR)နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့အနက်မှ အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် စစ်သည် ၁ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ(တွေ့ရှိ)ရကြောင်း။

 

ရောဂါပိုးတွေ့ရှိရသော စစ်သည်အား တပ်မတော်က ကြိုတင်စီစဉ်ထားသည့် တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ဆေးဝါးကူသမှု ခံယူစေလျက်ရှိကြောင်းနှင့် ၎င်း၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း။

 

COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့်စစ်သည်နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများ၊ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  ဖော်ပြထားသည်။ 

 

သတင်းစဉ်