အိန္ဒိယထိန်းချုပ်ထားသော ကက်ရှမီးယားဒေသတွင် အဆောက်အဦ ပြိုကျမှုကြောင့် သုံးဦးသေဆုံး၊ ကိုးဦး ဒဏ်ရာရ

၁၃ ဖေဖော်ဝါရီ

 

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှမီးယားဒေသတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားသဖြင့် အဆောက်အဦ တစ်လုံးပြိုကျခဲ့ပြီး အရပ်သားလေးဦး အပါအဝင် အခြား ငါးဦး ဒဏ်ရာရရှိခဲ့ပြီး မီးသတ်သမား သုံးဦးထက်မနည်းသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှမီးယားဒေသ ဆောင်းရာသီမြို့တော် ဂျမ်မူ ရှိ တာလပ် တီလွန် ဒေသတွင် ထိုအဆောက်အဦ ပြိုကျခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ သုံးထပ်အဆောက်အဦ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရန် ယင်းအဆောက်အဦထဲသို့ မီးသတ်သမားများဝင်ရောက်ခဲ့ပြီးနောက် သုံးဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ယင်းဖြစ်ရပ်တွင် အရပ်သားလေးဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဂျမ်မူ ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 

၎င်းဒဏ်ရာရရှိသူများသည် ဂျမ်မူရှိ အစိုးရ ဆေးဘက်ဆိုင်ရာကောလိပ်ဆေးရုံတွင် ကုသမှုခံယူနေသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။ ယင်းပိတ်မိသူ အားလုံးကို ဆွဲထုတ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

၎င်းအဆောက်အဦ၏ မြေညီထပ်တွင် သစ်သားဂိုဒေါင်တစ်လုံးရှိရာ ထိုနေရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို