အိန္ဒိယတောင်ပိုင်း ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွား သုံးဦး သေဆုံး

၇ မေ

 

အိန္ဒိယနိုင်ငံတောင်ပိုင်း ဗီရှာခါပနမ်မြို့တွင် ယနေ့မနက်စောပိုင်းက ဓာတုစက်ရုံတစ်ရုံမှ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့သဖြင့် သုံးဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း တစ်ရာကျော် ဆေးရုံရောက်ခဲ့ကြသည်။

 

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ  က ယင်းဓာတ်ငွေ့ယိုစိမ့်မှု အခြေအနေကို စောင့်ကြည့်စစ်ဆေးနေကြောင်း ဖော်ပြထားသည်။

 

မိုဒီသည် အဆိုပါ ဓာတ်ငွေ့ယိုစိမ့်မှုမှ ဖြစ်ပေါ်လာသည့် အခြေအနေနှင့်ပတ်သက်ပြီး ဒေသစံတော်ချိန် ၁၁ နာရီတွင် ဗွီဒီယို ဆွေးနွေးမှု ပြုလုပ်ရန်  အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ကို ခေါ်ယူခဲ့သည်။

 

ယင်းဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဓာတုစက်ရုံဝန်းကျင်ရှိ ကျေးရွာများမှ လူများ ထိခိုက်မှုဖြစ်ပွားခဲ့သည်ဟု ဒေသမီဒီယာများ ပြောကြားချက်အရ သိရသည်။

 

ဓာတ်ငွေ့ယိုစိမ့်မှုအခြေအနေကို ထိန်းချုပ်ထားပြီး ထိုဓာတုစက်ရုံ ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့ကာ အဝင်အထွက် ပိတ်ထားသည်။

 

အင်ဒရာ ပရာဒပ် ဝန်ကြီးချုပ် ဂျဂန် မိုဟန် ရတ်ဒီ သည် ယင်းဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားရာ ဗီရှာခါပနမ်မြို့သို့ မကြာမီ သွားရောက်ရန် စီစဉ်ထားကြောင်း ၎င်းနှင့်နီးစပ်သူ တစ်ဦးက ပြောကြားခဲ့သည်။

 

ယနေ့ မနက်ပိုင်းက LG Polymers ဓာတုစက်ရုံ မှ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဒေသခံပြည်သူများအကြား အထိတ်တလန့် ဖြစ်ခဲ့ရသည်ဟုလည်း သတင်းရပ်ကွက်က ဆိုသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို