အခြေခံပညာအလယ်တန်းဆင့် Grade-8 သင်ရိုးသစ် ဗဟိုအဆင့်နည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ 

နေပြည်တော် မေ ၂

အခြေခံပညာ အလယ်တန်းဆင့် Grade-8 သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမတွင် ကျင်းပသည်။ 

ရှေးဦးစွာ နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ဆရာ ဆရာမကောင်းများ၏ အရည်အချင်းသည် မိမိသင်ကြားပို့ချရမည့် ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ရုံသာမက ကလေးများ နားလည်သဘောပေါက်အောင် သင်ကြား ပို့ချပေးနိုင်ရမည်ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ အသိပညာနှင့် သင်ကြားနည်းများကို ပိုင်နိုင်ကျွမ်းကျင်သော ဆရာ ဆရာမများသည် ကျောင်းသား ကျောင်းသူများ၏ သင်ယူမှု ပြဿနာများကို ပိုမိုဖြေရှင်းပေးနိုင်စွမ်းရှိသည်ကို တွေ့ရပါကြောင်း၊ ဆရာကောင်းတစ်ယောက် ဖြစ်ရန်အတွက် အမြဲမပြတ် လေ့ကျင့်သင်ယူရန်လိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍများတွင် တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ကြသူများဖြစ်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းက နိုင်ငံအနာဂတ် မျိုးဆက်သစ် ကလေးများကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများနှင့် လူမှုကျင့်ဝတ်များကို အကောင်းဆုံး သင်ကြားပေးကြစေလိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် စာသာမက ကလေးများ၏ အကျင့်စာရိတ္တ၊ လောကနီတိ လိုက်နာမှုနှင့် ဟီရိဩတ္တပ္ပတရားများရှိရန် ဝိုင်းဝန်းပြုစု ပျိုးထောင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဉက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာသည့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဉက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့သည် Grade-8 သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်းတွင် ဘာသာရပ်အလိုက် သင်ကြားသင်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

သင်တန်းကို မေ ၂ ရက်မှ ၄ ရက်အထိ  သုံးရက်ကြာဖွင့်လှစ်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ်များနှင့် စာရိတ္တနှင့် ပြည်သူ့နီတိ + ကာယဘာသာရပ်များကို သင်တန်းနည်းပြ ဆရာ ဆရာမများက သင်ကြားပို့ချသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ စုစုပေါင်း (၅၆၅) ဦး တက်ရောက် သင်ကြား သင်ယူကြကြောင်း သိရသည်။

သတင်းစဉ်