အလုပ်အကိုင် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဆိုင်ရာ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၁၄

           

အလုပ်အကိုင် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဆိုင်ရာ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအ ကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု စံသတ်မှတ်ရေးကော်မတီ၊ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီတို့မှဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံအင် ဂျင်နီယာအသင်းချုပ်မှ တာဝန်ရှိသူများ၊ Assessment Center များမှ တာဝန်ရှိသူများ၊ Chief Assessor များ၊ Assessor များ၊ အစိုးရနှင့် ပုဂ္ဂလိက သက်မွေးပညာသင်တန်းကျောင်းများ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကျွမ်းကျင်လုပ်သားများစွာ မွေးထုတ်ပေးနိုင်ရန် လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အလိုက် ကျွမ်းကျင်မှုများကို မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြုလက်မှတ် ရယူထားခြင်းဖြင့် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်သားများ၏ ဂုဏ်သိက္ခာကို မြင့်မားစေမည်ဖြစ်ကြောင်း။

 

လက်ရှိကာလတွင် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီ ၁၅ ခုမှ ပြဋ္ဌာန်းပြီး အလုပ်အကိုင် ၂၁၂ မျိုးအနက် ပြည်ထောင်စုအစိုးရအဖွဲ့မှ သတ်မှတ် ပြဋ္ဌာန်းပြီးသည့် အလုပ်အကိုင် ၁၂၃ မျိုးရှိကြောင်း၊ ကျွမ်းကျင်မှု စံရေးဆွဲပြီးသည့် အလုပ်အကိုင် ၅၃ မျိုးသာ ရှိသဖြင့် ကိုဗစ်-၁၉ ကြောင့် IT ကဏ္ဍ၌ အလုပ်အကိုင်အသစ်များ ပေါ်ထွက်လာရာ အဆိုပါ အလုပ် အကိုင်သစ်များအတွက်ပါ ကျွမ်းကျင်မှုစံရေးဆွဲရန် လိုအပ်ကြောင်း။

 

ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပိုမိုထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းခွင်အတွင်းရှိ လုပ်သားများ သာမက လုပ်ငန်းခွင်ဝင်ရောက်မည့် အစိုးရနှင့်ပုဂ္ဂလိက သက်မွေးပညာကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်းဆင်းများကို လုပ်ငန်းခွင်သို့ မဝင်ရောက်မီ NSSA Level 1 ကို စစ်ဆေးပေးနိုင်ရေး စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

 

ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့်လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု စံသတ်မှတ်ရေးကော်မတီကို တာဝန်ယူ ဖွဲ့စည်းထားပြီးဖြစ်ရာ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် နေသူများက သတ်မှတ်အရည်အချင်း ပြည့်မီသူများကို ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း။

 

အရည်အချင်းပြည့်ဝပြီး စွမ်းဆောင်ရည်ရှိသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေး နိုင်ရန် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရာတွင် အဓိကကျသည့် Inspector များ၊ Chief Assessor များ Assessor များ၊ Assessment Center Mananger များ၏ အရည်အသွေး မြင့်မားစေရေး စဉ်ဆက်မပြတ် လေ့လာသင်ယူ နေရန်လိုကြောင်း။

 

စစ်ဆေးအကဲဖြတ်ရာတွင် သတ်မှတ်နှုန်းထားအတိုင်း ကျခံသုံးစွဲရန်လိုပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဘတ်ဂျက်မှ ကျခံသုံးစွဲနိုင်ရေး၊ လက်ရှိ ပေါက်ဈေးဖြင့် ပြင်ဆင် သင့်ပါက ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီ (ACC)ထံ တာဝန်ခံများက အနည်းဆုံး ကုန်ကျစရိတ်ဖြင့် လုပ်ငန်းကော်မတီအလိုက် မှန်ကန်စွာတွက်ချက်၍ ကျိုးကြောင်းခိုင်လုံစွာ တင်ပြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)မှ တာဝန်ရှိသူ များ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တက်ရောက်လာသူများက ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်