အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ညစ်နေသူများဖတ်ရန်

၂၁  နိုဝင်ဘာ

 

လူတိုင်းက ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက် အလုပ်ကိုယ်စီ လုပ်ကိုင်ကြရပါတယ်။ ပညာတတ်တဲ့သူက ဉာဏ်အားကိုသုံးပြီး လုပ်ရတာ သက်သာတယ်၊ ပညာသင်ယူခွင့် မရခဲ့သူတွေက ကျရာနေရာမှာ ကိုယ်တတ်နိုင်တဲ့ ခွန်အားနဲ့ ကာယအားကို သုံးပြီးလုပ်ရတာက ပိုပင်ပန်းတယ်ဆိုတာတော့ ပြောနေစရာ မလိုအောင်မြင်သာမှာပါ။ ဒါပေမယ့် ဘယ်အလုပ်မျိုးကိုပဲ လုပ်လုပ် စိတ်ညစ်စရာ စိတ်ဖိစီးစရာကတော့ ရှိစမြဲပါ။ ဒီလိုစိတ်ညစ်တဲ့အခါ ငါတစ်ယောက်တည်းများ ဖြစ်နေတာလားလို့ မတွေးပါနဲ့။ ဒါကအလုပ်ခွင် ဝင်နေသူတိုင်း တွေ့ကြုံရနိုင်တဲ့ ပြဿနာတစ်ခုပါ။ အလုပ်ခွင်က အမြဲပျော်ရွှင်နေဖို့ မလွယ်ပါဘူး။

 

ဒီတော့ အလုပ်ခွင်မှာ ဖိအားနည်းပြီး ပေါ့ပါးလွတ်လပ်စွာနဲ့ ဖန်တီးနိုင်စွမ်းကောင်းတဲ့သူ တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် စိတ်ညစ်စရာတွေကို သေချာကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုတော့ သိထားဖို့လိုမှာပေါ့နော်။ အလုပ်ခွင်ဖိအားတွေက နေ့စဉ်ဘဝကို အများကြီး ထိခိုက်စေနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ် ထိခိုက်စေတဲ့အပြင် နောက်ထပ် ထိခိုက်စေနိုင်တာတစ်ခုက လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးပါ။ ဒီတော့ကောင်းကျိုးမဖြစ်တဲ့ စိတ်ညစ်စရာတွေကိုဖြေရှင်းကြရအောင်နော်။

 

ဒီအချက်တွေကြောင့် အလုပ်ခွင်မှာ စိတ်ညစ်စရာတွေဖြစ်နိုင်ပါတယ်

 

လစာနည်းတာ

 

အလုပ်တာဝန်တွေများလွန်းတာ

 

တိုးတက်နိုင်မယ့် အခွင့်အလမ်းနည်းပါးတာ

 

အလုပ်ကနေ အတွေ့အကြုံအသစ်တွေ မရနိုင်တာ

 

လုပ်ပိုင်ခွင့်တွေ ထိန်းချုပ်ခံထားရတာ

 

လုပ်ငန်းခွင်ပတ်ဝန်းကျင်က မျှတမှုမရှိတာ

 

အလုပ်ခွင်ထဲမှာ အချင်းချင်းရိုင်းပင်းကူညီမှုမရှိတာ

 

ဝါသနာမပါတာကို လုပ်နေရတာ

 

အလုပ်ခွင်ဖိအားတွေကို သေချာမထိန်းချုပ်နိုင်တဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်

 

အလုပ်ခွင်ဖိအားက လူတိုင်းကြုံရနိုင်တယ်ဆိုပေမယ့် အလုပ်ခွင်မှာဖြစ်တဲ့ ဖိအားတွေနဲ့ စိတ်ညစ်စရာတွေက အရမ်းကြီးမားလာတဲ့အခါ နေ့စဉ်ဘဝမှာထိခိုက်မှုတွေ များလာနိုင်ပါတယ်။ ဒီစိတ်ညစ်စရာတွေက တော်တော်နဲ့ပျောက်မသွားတော့လည်း ခက်သားနော်။ ဒါပေမယ့် တတ်နိုင်သမျှ မေ့ထားလိုက်ဖို့ပြောပါရစေ။ ဒီစိတ်ဖိစီးမှုကြီးကို အချိန်တိုင်းယူသယ်သွားရင်းက မိသားစုဘဝမှာ ထိခိုက်လာနိုင်ပါတယ်။

 

အလုပ်ခွင်ဖိအားတွေကြောင့် ဖြစ်လာနိုင်တဲ့ရေတိုပြဿနာအချို့

 

အလုပ်ခွင်မှာ ဖိအားများတာကြောင့် လတ်တလောမှာ ကြုံတွေ့လာရနိုင်တဲ့ပြဿနာတွေက

 

ခေါင်းကိုက်တာ၊

 

ဗိုက်အောင့်တာ၊

 

အိပ်ရေးပျက်တာ၊

 

စိတ်တိုတာ၊

 

အာရုံစိုက်ဖို့ခက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုကို တာရှည်ခံစားရမယ်ဆိုရင်တော့ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက တော်တော်လေးကြီးမားပါတယ်။ ကြီးမားတဲ့ ပေးဆပ်မှုတွေဖြစ်မလာခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အလုပ်ခွင်ဖိအားတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ အသုံးဝင်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြေပေးပါရစေနော်။

 

အလုပ်ခွင်ဖိအားကြောင့် ဖြစ်လာနိုင်တဲ့ ရေရှည်ပြဿနာအချို့

 

စိတ်ဖိစီးမှုကို တာရှည်ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်နိုင်တာတွေ အများကြီးပါ။

 

စိတ်ဖိစီးမယ်

 

စိတ်ဓာတ်ကျမယ်

 

အိပ်မပျော်တဲ့ဝေဒနာဖြစ်မယ်

 

သွေးတိုးမယ်

 

ကိုယ်ခံအားနည်းလာမယ်

 

အဝလွန်မယ်

 

နှလုံးရောဂါခံစားရမယ်။

 

အလုပ်ခွင်ဖိအားကြောင့် နောက်ထပ်ဖြစ်လာနိုင်တဲ့ ပြဿနာအချို့

 

အလုပ်ခွင်ဖိအားကြောင့် လောလောလတ်လတ် လုပ်မိနိုင်တဲ့ပြဿနာတွေကတော့ စိတ်ဖိစီးမှုကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းတာပါ။ ဘယ်လိုနည်းလမ်းတွေလဲဆိုတော့ အလုပ်ခွင်ဖိအားကြောင့် ကိုယ့်ကိုယ်ကိုနှိပ်စက်တာမျိုးပေါ့။

 

အစားတွေအများကြီးစားတာ

 

လုံးဝဘာမှမစားဘဲနေတာ

 

ကျန်းမာရေးအတွက် မကောင်းတဲ့ အစားအသောက်တွေ မှန်းသိရက်စားတာ

 

ဆေးလိပ်သောက်တာ

 

မူးယစ်ဆေးတွေသုံးစွဲတာ

 

အရက်သောက်တာ မျိုးတွေဖြစ်လာနိုင်ပါတယ်။

 

ပြဿနာတိုင်းမှာ အဖြေရှိပါတယ်

 

လူဆိုတာ ဉာဏ်အရှိဆုံး သတ္တဝါဆိုတာကိုမေ့မထားပါနဲ့။ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း ပိုင်ဆိုင်ထားပြီးသားပါ။ အသုံးချတတ်ဖို့ပဲလိုပါမယ်။ ဒါကြောင့် အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ညစ်လာတဲ့အခါ ဒီအချက်တွေကို အရင်ဆုံး စဉ်းစားပါ။ ကိုယ်စိတ်ညစ်နေတဲ့အချက်က တကယ်ကိုအရေးကြီးရဲ့လား။ ထိခိုက်မှုကကြီးနိုင်လား။ စိတ်ညစ်နေတဲ့အကြောင်းအရင်းကို အတိအကျသိအောင်လုပ်ပါ။

 

ဒီအဆင့်တွေကို ကျော်လွန်သွားပြီဆိုရင်တော့ စပြီးဖြေရှင်းဖို့ပြင်ဆင်ရပြီပေါ့။ ပြောပြဖြေရှင်းလို့ ရမယ့်အရာဆိုရင် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြောပြဖြေရှင်းလိုက်ပါ။ အရမ်းအရေးမကြီးဘူး။ ထိခိုက်မှုမရှိနိုင်ဘူးဆိုရင် မေ့လိုက်ပေါ့။ ဒီလိုမှမဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဒီနည်းလမ်းတွေက အသုံးတည့်မှာပါ။

 

လမ်းလျှောက်တာလိုမျိုးလုပ်ပါ

 

ပတ်ဝန်းကျင် စိမ်းစိမ်းစိုစိုလေးကို ကြည့်ရှု့ခံစားပြီး သဘာဝလေကို ခံစားပေးပါ

 

စိတ်ညစ်စရာဖြစ်စေတဲ့အရာတွေကို ချရေးလိုက်ပါ

 

ယောဂလိုမျိုး စိတ်ဖိစီးမှုကို သက်သာစေတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်ပေးပါ

 

စာအုပ်ဖတ်ပါ

 

ဝါသနာပါရာတစ်ခုခုကိုလုပ်ပါ

 

မိသားစုနဲ့အတူပျော်ရွှင်စရာလှုပ်ရှားမှုတစ်ခုခုလုပ်ပါ

 

ကိုယ့်ကိုယ်ကို ကျန်းမာအောင် ဂရုစိုက်ပါ

 

စိတ်ချယုံကြည်ရသူကို ရင်ဖွင့်ပါ

 

တရားထိုင်ပါ

 

ဝင်သက်ထွက်သက်မှတ်ရင်းမေတ္တာပွားပေးပါ

 

နေ့ခင်းနေ့လယ်ကို ခဏတစ်ဖြုတ် ဆိတ်ငြိမ်တဲ့နေရာမှာ အနားယူပေးပါ

 

အိပ်ပျော်အောင်အိပ်စက်ပါ

 

အလုပ်ကပြန်တဲ့အခါ အလုပ်တွေကို ခဏတာမေ့ထားလိုက်ပါ

 

ရေးသားသူ Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”