အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျှော့မှု စမ်းသပ်စီမံကိန်းတိုးချဲ့ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၄  ဇန်နဝါရီ 

လူမှုဖူလုံရေးအဖွဲ့နှင့် ILO မှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ သုတေသနပညာရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ၍  အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျှော့မှု စမ်းသပ်စီမံကိန်းတိုးချဲ့ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့ရုံးချုပ် စုဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက  ယနေ့ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်းဖြေလျှော့မှု စမ်းသပ်စီမံကိန်းကို စောင့်ကြည့်အကဲဖြတ်မှုများမှ တွေ့ရှိချက်များကို ရှင်းလင်းတင်ပြရန်၊ Pilot Scale up  ပြုလုပ်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးရန်၊ Scale up ဆောင်ရွက်ရာတွင် မိမိတို့အဖွဲ့အစည်း၏ အခန်းကဏ္ဍအလိုက် အကောင်းဆုံးဆောင်ရွက်နိုင်ရေးအတွက် အကြံပြုချက်များ ဆွေးနွေးရရှိရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိဆောင်ရွက်နိုင်ရန်တို့ ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ILO မှ အကြီးတန်းနည်းပညာဆိုင်ရာအရာရှိ Ms.Mariana Infante Villarroel က အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍  အမှာစကားပြောကြားပြီး လူမှုဖူလုံရေး အဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံ စနစ် လုပ်ငန်းစဉ်ဖြေလျှော့မှု စမ်းသပ်စီမံကိန်းနှင့်စပ်လျဉ်း၍ ခြုံငုံသုံးသပ် ရှင်းလင်းတင်ပြသည်။

 

a

 

ဆက်လက်၍ ILO- Vision Zero Fund မှ အကြံပေးအရာရှိ ဒေါက်တာဇင်သွေးစီက စမ်းသပ်စီမံကိန်းနှင့်ပတ်သက်၍ စောင့်ကြည့်လေ့လာမှုများမှ တွေ့ရှိချက်များအား ရှင်းလင်းတင်ပြပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ က သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

 

a

 

ထို့နောက် ILO- Vision Zero Fund အကြံပေးအရာရှိ Ms.Puja Dutta  က အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်းစဉ် ဖြေလျှော့မှု စမ်းသပ်စီမံကိန်း တိုးချဲ့ဆောင်ရွက်မည့် နည်းလမ်းများအား ရှင်းလင်းတင်ပြ၍ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊  အုပ်စုလိုက်ဆွေးနွေးခြင်း၊ ILO အပါအဝင် သုံးပွင့်ဆိုင် မျက်နှာစုံညီဆွေးနွေးခြင်းနှင့် ILO-Vision Zero Fund၊ Ms.Mariana Infante Villarroel က ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

(သတင်းစဉ်)