အမာမြို့ ဂေါ်ဒူကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေမြင့်တက်မှုကြောင့် လူနေအိမ်(၁၀)လုံး ပြိုကျပျက်စီး

ဖျာပုံ  ၅  သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု၊ဂေါ်ဒူကျေးရွာတွင်​​ သြဂုတ် ၃ ရက် မွန်းလွဲပိုင်းမှစတင်ကာ  ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ရာ ယခုအချိန်ထိလူ​နေအိမ် (၁၀)လုံးခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ဂေါ်ဒူကျေးရွာတွင်​​လူ၊ တိရိစ္ဆာန် ထိခိုက်သေကြေ ပျက်စီးမှုမရှိကြောင်းနှင့် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း၊ လူ နေအိမ်(၅)လုံးနှင့် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း၊ လူနေအိမ်(၅)လုံး  စုစုပေါင်း လူနေအိမ်(၁၀) လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

သဘာဝဘေးကြောင့် ပျက်စီးသွား​သောအိမ်ထောင်စု (၁၀)စု၊ လူဦးရေကျား(၁၃)ဦး၊ မ(၂၁)ဦး၊ ပေါင်း (၃၄)ဦးမှာ ၎င်းတို့၏ ဆွေမျိုးများထံတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းနိုင်( ခရိုင်ပြန်/ဆက်)