အမေရိကန် နိုင်ငံမှာ ဒီဇင်ဘာလအတွင်း လူပေါင်း သန်း ၂၀ လောက်အား ကာကွယ်ဆေး ထိုးပေးနိုင်မည်ဟု ခန့်မှန်းထား

၂၃ နိုဝင်ဘာ

 

 

အမေရိကန် နိုင်ငံမှာ ဒီဇင်ဘာလအတွင်း လူပေါင်း သန်း ၂၀ အထိ ကာကွယ်ဆေး ရရှိရန် ရည်မှန်းထား ကြောင်း ကျန်းမာရေးဌာနရဲ့ ထိပ်တန်း အရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောကြားပါတယ်။

 

 

ကမ္ဘာမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် အသေအပျောက် အများဆုံး နိုင်ငံဖြစ်တဲ့ အမေရိကန် နိုင်ငံမှာ ရောဂါပိုး ကာကွယ်ဆေးကြောင့်  အခြေအနေကို ပြောင်းလဲသွားနိုင်မှာ ဖြစ်တယ်လို့ မျှော်လင့်ရပါတယ်။

 

 

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)က  ခွင့်ပြုလိုက်တာနဲ့ တစ်ပြိုင်နက် ၂၄ နာရီအတွင်း ကာကွယ်ဆေးတွေကို ပို့ပေးနေအောင် ဆောင်ရွက်နေကြောင်း  ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ရရှိရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မွန်ဆက်ဖ် စလိုဝီက ပြောပါတယ်။

 

 

အဲဒီလို လုပ်ဆောင်နိုင်ရေးဟာ ဒီဇင်ဘာ ၁၁ - ၁၂ ရက်လောက်လို့ ခန့်မှန်းကြောင်း နဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကစပြီး တစ်လလျှင် လူပေါင်း သန်း ၃၀ လောက်ကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ မျှော်လင့်ကြောင်း ဒေါက်တာ စလိုဝီက ဆက်ပြောပါတယ်။

 

 

ဒေါက်တာ အန်သိုနီဖော့ချီကတော့ ကာကွယ်ဆေးဟာ ဒီဇင်ဘာလလယ်ကနေ လကုန်ပိုင်းအတွင်း ရရှိမယ်လို့ မျှော်လင့်ထားပေမယ့် အဲဒီရက်မတိုင်မီ အားလပ်ရက်အတွင်း ကာကွယ်မှု မလုပ်ခဲ့ရင် အခြေအနေတွေ ဆိုးသွားနိုင်ကြောင်း သတိပေး ပြောကြားပါတယ်။

 

 

ဆေးကုမ္ပဏီ Pfizer နဲ့ Moderna တို့ သူတို့ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေဟာ အနည်းဆုံး ၉၅ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ပြောဆိုထားပြီး အဲဒီဆေးတွေအား ဒီဇင်ဘာ ၁၀ ရက်နေ့လောက်မှာ ခွင့်ပြုမိန့် ရရှိဖို့ မျှော်လင့်ရကြောင်း သိရပါတယ်။

 

 

အမေရိကန် နိုင်ငံမှာ ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူ ၁၃၀,၀၀၀ ကျော်ရှိရာ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၂,၅၈၉,၀၈၈ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၂၆၂,၇၀၁ ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn