အမေရိကန်၌ လွန်ခဲ့သည့်တစ်လအတွင်း ကလေးငယ် သုံးသိန်းကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

လော့စ်အိန်ဂျယ်လိစ် ဇွန် ၂၈ 

 

အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့်သီတင်းပတ် လေးပတ်အတွင်း ကလေးသူငယ် ၃၃၀၀၀၀ နီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ကြောင်း အမေရိကန်ကလေးအထူးကုဆေးပညာသင်ကျောင်းနှင့် ကလေးများဆေးရုံအဖွဲ့မှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။

 

ထို့အပြင်  အမေရိကန်ပြည်ထောင်စုတွင် ဇွန် ၂၃ ရက်က ကုန်ဆုံးသွားသည့်သီတင်းပတ်အတွင်း ကလေးငယ် ၆၈၀၀၀ နီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ယမန်နှစ်အလားတူကာလက ကလေးများအကြား ရောဂါကူးစက်ခံရသူ ၈၄၀၀ နှင့် နှိုင်းယှဉ်ကြည့်ပါက ရောဂါကူးစက်ခံရမှုနှုန်း သိသိသာသာမြင့်တက်လာကြောင်း တွေ့ရသည်။ 

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ ကလေးငယ် ၁၃ ဒသမ ၆ သန်းကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ပြီး ယင်းတို့အနက် ကလေးငယ် ၅ ဒသမ ၈ သန်းခန့်သည် ယခုနှစ်အတွင်း ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

 

ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့်အဖျားကြီးသောရောဂါနှင့် ကလေးများအကြား ဖြစ်လာနိုင်ဖွယ်ရှိသည့် ကိုဗစ်-၁၉ ရောဂါ၏ ရေရှည်သက်ရောက်မှုကို အကဲဖြတ်နိုင်ရန် အသက်အရွယ်အလိုက် ပိုမိုတိကျသောအချက်အလက်များကို စုဆောင်းထားရန် အရေးတကြီးလိုအပ်ကြောင်း အမေရိကန်ကလေးအထူးကု ဆေးပညာသင်ကျောင်းနှင့် ကလေးများဆေးရုံအဖွဲ့က ပြောကြားသည်။

 

ကလေးငယ်များ၏ ကျန်းမာရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ချက်ချင်းသက်ရောက်မှုရှိနေသည်ကို မိမိတို့အနေဖြင့် အသိအမှတ်ပြုထားရန် အရေးကြီးကြောင်း၊ သို့သော် ဤမျိုးဆက်သစ်ကလေးငယ်များနှင့် လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရေရှည်သက်ရောက်မှုကိုမူ ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း ကလေးအထူးကုဆေးပညာသင်ကျောင်းနှင့် ကလေးများဆေးရုံအဖွဲ့က ထပ်လောင်းပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ