အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တွင် ပထမဆုံးအကြိမ် သမိုင်းဝင်ကြိုတင်မဲပေးမှုစတင်

နယူးယောက် ၂၅ အောက်တိုဘာ

အမေရိကန်အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၃ ရက်တွင် ပြုလုပ်မည်ဖြစ်ရာ နယူးယောက်ပြည်နယ်၌ ၊ အောက်တိုဘာ ၂၄ ရက်မှစတင်ကာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်း စတင်နေပြီဖြစ်ကြောင်း သိရသည်။

ကြိုတင်မဲပေးသည့် ကာလကို နိုဝင်ဘာ ၁ ရက်အထိ ကိုးရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၂ ရက် ရောက်လျှင် ကြိုတင်မဲပေး၍မရတော့ကြောင်း သိရသည်။

နယူးယောက်ပြည်နယ်တွင် နေထိုင်ကြသူများ အနေဖြင့် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် သမ္မတ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းဖြစ်ကြောင်း နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒရူးကူအိုမိုကအောက်တိုဘာ ၂၃ ရက်က တွစ်တာပေါ်တွင် ရေးသား ဖော်ပြခဲ့သည်။

ယခုနှစ် အမေရိကန် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများသည် အဝေးရောက်ဆန္ဒမဲပေးသည့် စနစ်၊ လူကိုယ်တိုင်ကြိုတင်သွားရောက် မဲပေးသည့်စနစ် နှင့် ရွေးကောက်ပွဲနေ့တွင် လူကိုယ်တိုင် မဲထည့်သည့်စနစ် စသည့် နည်းလမ်းသုံးမျိုးဖြင့် မဲပေးနိုင်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ်တွင် အမေရိကန်ပြည်ထောင်စု တစ်ဝန်း၌ ကြိုတင်မဲပေးမှုများ စံချိန်တင်လျက်ရှိပြီး မြောက်ကာရို လိုင်းနား၊ ဂျော်ဂျီယာ၊ မီချီဂန်နှင့် အခြားအကြိတ်အနယ် ယှဉ်ပြိုင်မည့် ပြည်နယ်များတွင် ၂၀၁၆ ခုနှစ်က မဲပေး ခဲ့သည့်နှုန်းကို ကျော်လွန်သွားပြီဖြစ်ကြောင်း သိရ သည်။

ဆင်ဟွာ