အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အဆောက်အဦပြိုကျမှုဖြစ်ပွား လူ တစ်ဦးသေဆုံး

ဇွန် ၂၅

 

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မီယာမီကမ်းခြေအနီး ကွန်ဒိုအဆောက်အဦ တစ်လုံးပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် လူတစ်ဦး သေဆုံးခဲ့ပြီး အယောက် ၉၀ ကျော် ပျောက်ဆုံးနေသည်ဟု သိရသည်။

 

အဆိုပါကွန်ဒိုသည် ဆာဆိုဒ်မြို့ရှိ ၁၂ ထပ်မြင့်အဆောက်အဦ ဖြစ်သည်။ ဒေသခံအများစုအိပ်ပျော်နေချိန် မနက် ၁ နာရီ ၃၀ ခန့်တွင် ယင်းအဆောက်အဦပြိုကျခဲ့ခြင်း ဖြစ်သည်။

 

ထိုအဆောက်အဦပြိုကျမှု ဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ကာညတွင်းချင်း လုပ်ဆောင်ခဲ့ကြသည်။

 

ကယ်ဆယ်ရေးသမားများက အဆောက်အဦအတွင်းပိတ်မိနေသူ ၃၅ ဦးကို ကယ်ဆယ်ခဲ့သည်။ ၎င်းတို့သည် အုတ်ကျိုးများအောက်မှ အခြားနှစ်ဦးကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ကြသည်။

 

ဆောက်လုပ်ရေးအလုပ်သမားများက ယင်းကွန်ဒို၏ ခေါင်မိုးကို ပြင်ဆင်လုပ်ဆောင်ခဲ့သည်။

 

သို့ရာတွင် ထိုအဆောက်အဦပြိုကျခြင်းသည် ထိုလုပ်ဆောင်မှုနှင့်သက်ဆိုင်ခြင်း ရှိ၊မရှိကိုမူ မသိရှိရသေးဟု စုံစမ်းစစ်ဆေးအဖွဲ့က ဆိုသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို