အမြို့မြို့အနယ်နယ်ရှိ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲများ စတင်ပေး

ရေး     

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲမပေးနိုင်သူ အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင် ပြည်သူများ ကြိုတင် ဆန္ဒမဲပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လာရောက်မဲပေး လျက်ရှိသည်။

 

ကြိုတင်ဆန္ဒမဲပေးရာတွင် အောက်တိုဘာလ (၂၉) ရက်နေ့မှ စတင်၍ အသက် (၆၀)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများ၊  ကျန်းမာရေးမကောင်းမွန်သူ သက်ကြီးဘိုးဘွားများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် များတွင် ပါဝင်ဆောင်ရွက်သူများ၊ လုံခြုံရေးတာဝန်ကျ အထူးရဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကျန်မားရေးနှင့် အာကစားတန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ဆန္ဒမဲပေးနိုင်ရန်အတွက် စနစ်တကျ စီစဉ်ဆောင်ရွက် ပေးထားပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲများကို ပျော်ရွှင်စွာ ဆန္ဒမဲပေးခဲ့ကြသည်။

 

ရေးမြို့နယ်တွင်းအသက် (၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင် (၂၆၀၀၀) ကျော်ရှိပြီး အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅  ရက်နေ့အထိ ကြိုတင်မဲများပေးနိုင်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

 

ရွှေကူ    

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက်ရှိသည့် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီမှစ၍ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ စတင်လက်ခံ ဆောင်ရွက်လျက်ရှိသည်။

 

အသက်(၆၀)နှစ်နှင့် အထက်ရှိသည့် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်/ကျေးရွာအုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ လက်ခံဆောင်ရွက် သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးများ၌ လာရောက်ဆန္ဒမဲ ပေးရန်အတွက် အခက်အခဲ ရှိသူများ၏ ကြိုတင်ဆန္ဒမဲများကိုလည်း အိမ်တိုင်ရာအရောက် ကောက်ခံဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ရွှေကူမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက်ရှိသည့် မဲဆန္ဒရှင် စုစုပေါင်း ၇၆၈၁ ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)

 

သံတောင်ကြီး                                                 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင်     ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူနှင့် အသက်(၆၀)နှစ်နှင့် အထက်မဲ ဆန္ဒရှင်များက ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့   ကြိုတင်ဆန္ဒမဲများ ပေးရာတွင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်ပြီး၊ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊  မဲရုံမှူးများက မဲလက်မှတ်ထည့် မည့်ပုံးများ ကြိုးချိတ်ပိတ်ခြင်း၊ ကြိုတင်မဲလက်မှတ် များ စနစ်တကျထည့်သွင်းစေခဲ့ပြီး ကြိုတင်မဲပေးခွင့် ရှိသူများက အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြောင်း သိသည်။

 

၂၀၂၀ ပြည့်နှစ်၊ ရေွးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများမှာ အသက်(၆၀)နှစ်နှင့်အထက်  မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်မည့်သူများ၊ ဆေးရုံတက်ရောက်နေသူများ၊  အချုပ်ခံ နေရသူများ၊ တာဝန်အရမဲဆန္ဒနယ် ကျော်လွန်၍ ခရီးသွားမည့် နိုင်ငံ့ဝန်ထမ်းများ၊   အနာကြီးရောဂါ ဖြစ်ပွားနေသူများ၊  မီးဖွားနေသူများ၊   မသန်စွမ်းသူများ ဖြစ်ကြောင်း သိရသည်။           

မြို့နယ် (ပြန်/ဆက်)

 

မိုင်းယောင်း 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကာက်ပွဲအတွက် အသက်(၆၀)နှင့်အထက် အဘိုးအဘွားများနှင့် ကြိုတင်မဲပေးပိုင်ခွင့် ရှိသူများသည် ယမန်နေ့ကစတင်၍ သက်ဆိုင်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့၌ ကြိုတင်ဆန္ဒမဲများ ပေးနေပြီဖြစ်ပြီး မဲပေးရာ၌ စနစ်တကျ ဖြစ်စေရေး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ပေးကြောင်း သိရသည်။ 

 

မိုင်းယောင်းမြို့နယ်တွင် အသက်(၆၀)နှင့်အထက် အဘိုးအဘွားများနှင့် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများ ဖြစ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မဲရုံတာဝန်ထမ်းဆောင်မည့်သူများ၊ ကျန်းမာရေးအရ နေမကောင်းသူများ၊ နယ်မြေကျော်၍ ခရီးသွားရန် ရှိသူများသည် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ကြိုတင်မဲပေးနိုင်ပြီး၊ ကျန်းမာရေး အခြေအနေကြောင့် မဲရုံသို့ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိသော ပြည်သူများရှိပါက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ အသိပေးအကြောင်းကြားနိုင်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

 

ကြိုတင်မဲပေးရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအတိုင်း လူစုလူဝေးမဖြစ်ပေါ်စေရန် အလှည့်ကျ လာရောက်မဲပေးစေခြင်း၊ နှာခေါင်းစည်း (mask) တပ်စေခြင်း၊ မဲရုံအဝင်ဝ၌ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း တို့ကို ဆောင်ရွက်ပေးကြောင်း သက်ဆိုင်ရာ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

အားချာ(ပြန်/ဆက်)

 

3.jpg