အမျိုးသားအောင်ပွဲနေ့ဟူသည် ...

စောကျော်အေး (ပန်းဘဲတန်း)

 

၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့)သည် မြန်မာတို့၏ မမေ့အပ်သော (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ ထိုနေ့သို့ရောက်ရှိတိုင်း အမျိုးသားအောင်ပွဲနေ့ကို မြန်မာ တစ်နိုင်ငံလုံး င်ယင်ကျင်းပကြသည်။ အမျိုးသားအောင်ပွဲနေ့ကျင်းပရာတွင် “ အမျိုးသား ”ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို သဘောပေါက်ကြရန် လိုအပ်သည်ဟု ဆိုချင်ပါသည်။

 

အရည်အချင်းလေးပါးနှင့် ပြည့်စုံသောအမျိုးသား

" အမျိုးသား ” ဟူသည်ကား အဘယ်နည်း။ အမျိုးသားဟူသည်မှာ အရည်အချင်း(၄)ပါးနှင့် ပြည့်စုံမှ သာလျှင် “ အမျိုးသား” ဟူ၍ ဖြစ်ပေါ်လာရ၏။ ထိုအရည် အချင်း(၄)ပါးအနက် တစ်ပါးပါးချို့တဲ့ပါက “အမျိုးသား” မမည်နိုင်ချေ။ ပထမအရည်အချင်း မှာကား “ ပိုင်နက်မြေ” ရှိခြင်းဖြစ်သည်။ “ ပိုင်နက်မြေ” မရှိဘဲနှင့် အမျိုး သားအဖြစ် မတည်နိုင်ပေ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံး သည် အထိ ဂျူး(ဝါ)ရေ၀တီလူမျိုးတို့သည် “ပိုင်နက်မြေ" မရှိခဲ့ကြပေ။ ထို့ကြောင့် ဂျူးလူမျိုးများသည် အမျိုးသားအဖြစ်နှင့် ရပ်တည်နိုင်ခြင်း မရှိခဲ့ကြပေ။ ၁၉၃၀ပြည့်နှစ် ဆီမှစ၍ ဂျာမနီပြည်တွင် နာဇီဟစ်တလာဘုန်းတန်ခိုး ကြီးမားခဲ့စဉ်အခါက ဂျူးလူမျိုးတို့အား အကြီးအကျယ် ဖိနှိပ်ရက်စက်ခဲ့ဖူး၏။ ဤသို့ အနှိပ်စက်ခံရခြင်းမှာ ဂျူး(ဝါ)ရေ၀တီများ၌ ပိုင်နက်မြေ မရှိသောကြောင့် ဖြစ်လေသည်။

 

ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ ဂျူးလူမျိုးများသည် စစ်တပ်ထဲသို့ဝင်ကာ ဖက်ဆစ်ဝါဒ၏ရန်ကို တွန်းလှန် တိုက်ခိုက်ပေးခဲ့ကြ၏။ စစ်ပြီးသောအခါ၌ မြေထဲပင်လယ် အရှေ့ဘက်ကမ်းခြေကမ်းမြောင်ဒေသကို ကုလသမဂ္ဂ၏ အကူအညီဖြင့် တောင်းယူကာ အစ္စရေးဟူသောအမည်ဖြင့် နိုင်ငံထူထောင်ကြရ၏။ ယင်းသည်ကား “အမျိုးသား” ဟူ၍ ဖြစ်ထွန်းတည်တံ့နေနိုင်ရန် “ပိုင်နက်မြေ”၏ အရေးကြီးပုံပင်ဖြစ်၏။ “ ပိုင်နက်မြေ ”မရှိလျှင် “ အမျိုး သား "မရှိနိုင်ဆိုသည့်အရာပင် ဖြစ်ပေသည်။

 

ဒုတိယအရည်အချင်းမှာကား- “လူ” ရှိရန်ဖြစ်၏။ လူမရှိဘဲနှင့် “အမျိုးသား” မရှိနိုင်ပြန်ပေ။ ဆာဟာရ သဲကန္တာရ၏အလယ်၌ လူမရှိသော အရပ်များတွင် “ အမျိုး သား ” မရှိနိုင်ချေ။ ပင်လယ်သမုဒ္ဒရာအတွင်း ကမ်းခြေမှ လေးမိုင်ကွာဝေးသော အရပ်တွင်လည်း “ အမျိုးသား " မရှိနိုင်ပြန်ချေ။ ထို့ကြောင့် အမျိုးသားဟူ၍ ဖြစ်ထွန်းတည်တံ့ရန်မှာ “လူ” ရှိဖို့ လိုပြန်လေသည်။

 

တတိယအရည်အချင်းမှာကား - “အချုပ်အခြာ အာဏာပိုင်ခြင်း” ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့၏ လက်အောက် သို့ ကျရောက်၍နေစဉ်က “မြန်မာနိုင်ငံ” မဟုတ်ခဲ့။ မြန်မာပြည်သာလျှင်ဖြစ်၍ နေခဲ့ရ၏။ အမျိုးသားဟူသော အရည်အချင်းနှင့် မပြည့်စုံခဲ့ချေ။ ထို့ကြောင့်ပင်လည်း အချုပ်အခြာအာဏာကို ပြန်လည် ရရှိအောင် ၁၉၂၀ ပြည့်နှစ်အမျိုးသားနေ့မှစပြီး တစ်စ တစ်စပိုမို၍ လွတ်လပ်ရေးတိုက်ပွဲများကို အဆင့်ဆင့် ဆင်နွှဲလာခဲ့ကြရခြင်းဖြစ်၏။နောက်ဆုံး၌ မြန်မာတို့သည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့ကြ၏။ လွတ်လပ်ရေး၏ အဓိပ္ပာယ်အရင်းအနှစ်သာရကား အချုပ်အခြာ အာဏာပိုင်ကိုပြန်၍ရခြင်းပင် ဖြစ်ပေသည်။

 

စတုတ္ထအရည်အချင်းမှာ ကမ္ဘာ၏ အသိအမှတ်ပြုခြင်းခံရသော တည်တံ့သည့် အုပ်ချုပ်ရေးရှိခြင်းပင် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ နှင့် သံတမန်အဆက်အသွယ် ရှိ၍နေခြင်း၊ နိုင်ငံတစ်နိုင်ငံအဖြစ်ဖြင့် အသိအမှတ်ပြု ခံရခြင်းတို့ပင် ဖြစ်ပေသည်။ “ ပြည်ထောင်စု မြန်မာနိုင်ငံတော်”ဟူသောပုဒ်သည် အမျိုးသားအဖြစ် ရပ်တည်နိုင်သော အထက်ပါအရည်အချင်း (၄)ရပ်တို့နှင့် ပြည့်စုံ သောကြောင့်ပင်ဖြစ်၏။ ထိုအရည်အချင်းများနှင့် ပြည့်စုံအောင်ကြိုးပမ်းရာတွင် ရှေးဦးပထမ အမျိုးသားဟူ၍ အသိစိတ်နိုးကြွ လာအောင် ကြိုးစားကြရ၏။ မြန်မာတို့သည် (မိမိတို့သည် သီးခြားရပ်တည်နေသော လူမျိုးတစ်မျိုး) ဟူသော အသိကို ရရှိလာ စေရန် အမျိုးသားနေ့က လှုံ့ဆော်ပေးခဲ့သည်။

 

နယ်ချဲ့ကိုလိုနီစနစ်ဖြင့် မတရားစိုးမိုးခဲ့သောသူတို့အား မကျေနပ်ကြောင်းကိုပြသရာ၌ ရှေးဦးစွာအနုနည်းဖြစ်သော သပိတ်လက်နက်ကို ကိုင်စွဲခဲ့ကြ၏။ ပထမတက္ကသိုလ်သပိတ်ကြီးသည် ပညာရေးစနစ်ကို မကျေနပ်ကြောင်းပြသသော သပိတ်ဖြစ်သော်လည်း စန္ဒဂုတ် စစ်တိုက်ဘိသကဲ့သို့ အနားသားမှစ၍ ဖြိုရခြင်းဖြစ်၏။ အလောသုံးဆယ်လောကြီး၍ လည်းကောင်း၊ အခြေအနေမှန်ကို မသုံးသပ်ဘဲ ခေတ်ဟောင်းအယူအစွဲများကို အားကိုးအားထားပြုလျက်လည်းကောင်း၊ အမျိုးသား တည်ဆောက်ရေးကို ဦးတည်ကာ ကြိုးပမ်းခဲ့ရာတွင် မအောင်မြင်နိုင်ကြောင်းကို “ ဆရာစံ၏လှုပ်ရှားမှုများ” က သက်သေပြခဲ့ပေသည်။

 

“အမျိုးသား”အဖြစ် ပြန်လည်တည်ဆောက်ရန် လိုအပ်ချက်များ

သူတစ်ပါး၏ လက်အောက်သို့ ကျရောက်နေရာတွင် “အမျိုးသား”ကို ပြန်လည်တည်ဆောက်ရန် ရုန်းကန်ကြရာ၌လည်း အရည်အချင်း (၄)ရပ်နှင့် ပြည့်စုံရန် လိုအပ်လာပြန်ပေသည်။ ပထမအရည်အချင်းမှာ တစ်မျိုးသားလုံး စည်းရုံးမိခြင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် သပိတ်ကြီး ပေါ်ပေါက်စဉ်က တစ်နိုင်ငံလုံးရှိ ကျောင်းသားများ စည်းရုံးမိခဲ့ကြသည်။ သို့သော် လူထုကြီးတစ်ရပ်လုံး၏ စည်းရုံးခြင်းမျိုး မဟုတ်ခဲ့ချေ။ ဂျပန်ကို တော်လှန်စဉ်က လည်းကောင်း၊ စစ်ပြီးခေတ် အင်္ဂလိပ်အုပ်ချုပ်ရေးကို အနုနည်းဖြင့် တော်လှန်စဉ်က လည်းကောင်း ကျောင်းသားများချည်းသာ (မကသေးဘဲ တစ်နိုင်ငံလုံးရှိ အမျိုးသားအားလုံးတို့ အုံကြွ၍ အမျိုးသားရေးကို ဆန္ဒပြခဲ့ကြပေသည့် အမြဲတစေအင်္ဂလိပ်၏ အလိုတော်ရိများဟု ထင်မှတ်ခြင်းကို လွဲမှားစွာခံနေခဲ့ကြရသော “ပုလိပ်များ ” ကပင် သပိတ်လက်နက်ကို စွဲကိုင်လာကြသည်ကို ထောက်ရှုပါက အမျိုးသား စည်းလုံးညီညွတ်ခြင်းကို သိမြင်နိုင်ကြမည်ဖြစ်သည်။

 

ဒုတိယအရည်အချင်းမှာကား စစ်မှန်ကောင်းမွန်သော ခေါင်းဆောင်မှု ရှိခြင်းပင်ဖြစ်သည်။ တစ်နိုင်ငံလုံး၌ မည်မျှ ကြီးမားသော အုံကြွမှုပင်ရှိစေကာမူ ခေါင်းဆောင်မှု စစ်မှန်ကောင်းမွန်ခြင်းမရှိက အမျိုးသားအရေးတော်ပုံ မအောင်မြင်နိုင်ပေ။ မြန်မာနိုင်ငံ အမျိုးသားအောင်မြင်မှုတွင် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်ကောင်းများကိုရရှိ ကြသောကြောင့်ဖြစ်သည်။ သင်္ဘော၏ စက်အားမည်မျှပင် ကောင်းစေကာမူ မာလိန်မှူးမကောင်းပါက လိုရာခရီးသို့ မရောက်နိုင်ပေ။ ထိုနည်းတူစွာ တစ်မျိုးသားလုံးလှုပ်ရှားမှု အင်အားမည်မျှပင် စည်းလုံးရေးကောင်းမွန်အား ရှိစေကာမူ စစ်မှန်ကောင်းမွန်သော ခေါင်းဆောင်မှု ရှိမှ ခရီးပေါက် အောင်မြင်နိုင်မည်ဖြစ်သည်။

 

တတိယလိုအပ်ချက်မှာ-နိုင်ငံတွင်းသို့ ဝင်ရောက်စိုးမိုးနေသော နိုင်ငံခြားသား (နယ်ချဲ့သမား)တို့၏ “ ပင်ရင်းနိုင်ငံ အားပျော့ချိန် ဖြစ်ဖို့လည်း လိုအပ်ချက်” ဒုတိယကမ္ဘာစစ် ခေတ်တစ်ဝိုက် အခြေအနေများက ယင်းအဆိုကို သက်သေပြ၍ နေပေသည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျာမန်တို့၏ဒဏ်ကို အင်္ဂလိပ်တို့ အလူးအလဲခံနေရစဉ် မြန်မာတို့က တိုက်ထုတ်ခဲ့၏။ စစ်ကြီး နောက်ပိုင်း၌ ဂျပန်တို့ စစ်ဆုတ်ရစဉ် မြန်မာတို့က တော်လှန်ခဲ့ကြပြန်သည်။ ဤကား လာရောက်အုပ်စိုးသူ နိုင်ငံခြားသား (နယ်ချဲ့ သမား) တို့ အင်အားပျော့ညံ့ချိန်တွင် အခွင့်ကောင်းကိုရယူ၍ ဆောင်ရွက်မှုပင်ဖြစ်သည်ကို အထူးရေးဖွယ် မလိုတော့ပေ။

 

စတုတ္ထလိုအပ်ချက်မှာ- လွတ်လပ်သော အမျိုးသားထူထောင်ရေးအတွက် ဝင်ရောက်စိုးမိုးနေသော နိုင်ငံခြားသား (နယ်ချဲ့များ ကို တိုက်ထုတ်တော်လှန်ရာ၌ နိုင်ငံသားတို့သည် ရနိုင်သမျှသော အကူအညီကို ယူကြရ၏။ မဟာမိတ်တစ်နိုင်ငံရှိရ၏။ အင်္ဂလိပ်ကို ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ထုတ်ရာ၌ အလားတူပင် အကူအညီကို ရှာခဲ့ရသည်။ စစ်ပြီးအခါတွင်လည်း ထို့အတူပင် အကူအညီ ကို ရှာရပြန်၏။ ဤအချက်(၄)ချက်တို့ဖြင့် ပြည့်စုံသောကြောင့်ပင် မြန်မာအမျိုးသား ဦးစွန်းပြန်လည် ပေါ်ပေါက်ကာ လွတ်လပ်သော “အမျိုးသား”အဖြစ်ဖြင့် ရပ်တည်၍ နေလာနိုင်ခဲ့ကြသည်။ မြန်မာဦးစွန်းပြန်လည်ပေါ်ထွန်းလာ စေသောစိတ်ဓာတ်မှာကား အမျိုးသားစိတ်ပင်ဖြစ်သည်။ အမျိုးသားစိတ်ဓာတ်တက်ကြွလာခြင်းသည် အမျိုးသား လွတ်လပ်ရေး နှင့် အမျိုးသားတည်တံ့ရေး၏ ပင်မရေသောက်မြစ် ဖြစ်ပေသည်။ မြန်မာတို့သည် သမိုင်းတစ်လျှောက်တွင် ငါးကြိမ်မျှအထိ အမျိုးသားစိတ်ဓာတ် ဒီရေလှိုင်းတံပိုးများ တက်ကြွခဲ့ကြဖူးသည်။ ယင်းသို့ တက်ကြွလာသောအချိန်၌ မြန်မာတစ်မျိုးသားလုံး စည်းလုံးမိသည်ချည်းသာ ဖြစ်ခဲ့ပေသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် အမျိုးသား အဆောက်အအုံကြီးသည် ယာယီ အားဖြင့် ပြိုကွဲခံရဖူး၏။ အလောင်းမင်းတရားကြီး စည်းရုံးခဲ့သော မြန်မာအမျိုးသား နိုင်ငံတော်သည် နိုင်ငံခြားသားတို့နှင့် အတွေ့အကြုံနည်းပါးခဲ့သဖြင့် ပြိုကွဲရုံသာမက သီပေါမင်း၏လက်ထက်တွင် နိုင်ငံခြားသားတို့၏ လက်အောက်သို့ပင် ကျဆင်း ခဲ့ရဖူးသည့်ဖြစ်ရပ်များကို သင်ခန်းစာ ရယူသင့်ကြသည်။

 

တွဲလက်ခိုင်ခိုင် စည်းရုံးလုပ်ဆောင်နိုင်ကြစေ

သို့သော်မြန်မာတို့သည် အမျိုးသားစိတ်ဓာတ်အခြေခံ ပြည့်ဝခဲ့ကြသည်။ နိုင်ငံ၏ပထဝီအနေအထားကိုကြည့်ကာ မျှနှင့်ပင် မြန်မာနိုင်ငံသည် တစည်းတလုံးတည်းရှိရမည့် “ကံဇာတာ”ပါလာ၍ပင် ဖြစ်သည်ဟု ဆိုအပ်ပေသည်။ တောင်တန်းကြီးများသည် လည်းကောင်း၊ အိန္ဒိယသမုဒ္ဒရာ သည်လည်းကောင်း၊ မြန်မာနိုင်ငံအား သီးခြားနိုင်ငံ၊ သီးခြားအမျိုးသားအဖြစ်နှင့် တည်တံ့စေရ မည်ဟု ဖော်ညွှန်းနေသော သဘာဝနယ်နိမိတ်များ ဖြစ်ကြလေသည်။ တစ်ဖန်မြန်မာနိုင်ငံ၏ မြောက်မှတောင်သို့ စီးဆင်းနေ ကြသော မြစ်ကြီးလေးသွယ်နှင့် အရှေ့မှ အနောက်သို့ စီးဆင်းကာ မြစ်ကြီးလေးသွယ်တွင် ပေါင်းစပ်၍ နေကြသည့် မြစ်အသွယ် သွယ်တို့သည် လည်းကောင်း မြန်မာပြည်ဖွား တိုင်းရင်းသားများ၏ သွေးနှောမှု၊ ကူးလူးဆက်ဆံမှုများကို အထောက်အထား ပြုလျက်ရှိနေသည်ကို မြန်မာနိုင်ငံ မြေပုံကပင်လျှင် သက်သေခံလျက်ရှိနေပေသည်။

 

တစ်ဖန် မြန်မာတို့၏ မြေတွင်းမြေပေါ် သယံဇာတပစ္စည်းများသည်လည်း မြန်မာတို့၏ ကောင်းမွေခံဘဝကို ဖော်ပြ၍ နေပြန်လေသည်။ စားဝတ်နေရေးသုံးပါးစလုံး ပြည့်စုံရန်အရေအတွက် ဆန်စပါး၊ ဝါဂွမ်း၊ ရေနံ၊ သစ်တော၊ လယ်ယာမြေများက ဘဝဖူလုံသော အာမခံချက်ကိုပေး၍ နေကြသည်ကို အများအသိပင် ဖြစ်ပေသည်။ မြန်မာနိုင်ငံကဲ့သို့ သဘာဝတရားက မျက်နှာသာ ပေးခြင်းခံရသော နိုင်ငံမျိုးသည် ကမ္ဘာပေါ်တွင် ရှာမှရှားသလောက်ပင် ဖြစ်ပေသည်။ သဘာဝပစ္စည်း ကြွယ်ဝ လှပါသည် ဆိုသော အချို့နိုင်ငံများတွင်ပင် မြန်မာနိုင်ငံကဲ့သို့ သဘာဝနယ်နိမိတ်ရှိသော နိုင်ငံရှားပါးလှပေသည်။

 

သို့ဖြစ်ပေရာ မြန်မာနိုင်ငံတော်ကြီး ယနေ့မှစ၍ နှစ်ပေါင်းအသင်္ချေတိုင်အောင် ဖွံ့ဖြိုးတိုးတက်စေရန်ညီညီ ညာညာ လက်တွဲ ခိုင်ခိုင်မြဲမြဲ စည်းရုံးလုပ်ဆောင်နိုင်ကြပါစေကြောင်း မင်္ဂလာရှိသော (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြု ရေးသားရပါသတည်း။    ။