အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တည်ဆောက်လိုသော ခွင့်တူညီမျှ ထာဝရပေါင်းစည်းသည့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်

၂၄  ဇန်နဝါရီ

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဆောင်းပါး

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့လေး၌ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်မှု၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တိကျမှန်ကန်သော လမ်းညွှန်မှုတို့ကြောင့် ဗြိတိသျှကိုလိုနီ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့သည်မှာ ယခု ၇၂- နှစ်ကျော်ခဲ့လေပြီ။ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကိုလည်း (၇၃)နှစ်မြောက် ဆင်ယင်ကျင်းပကြတော့မည်။

လုံးဝလွတ်လပ်သော နိုင်ငံတော်

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် ဗြိတိသျှတို့၏ကိုလိုနီဘ၀၊ ကိုလိုနီတစ်ပိုင်းဘဝ၊ ဒိုမီနီယံ ကျွန်တစ်ပိုင်း ပြုခံဘ၀တို့နှင့် လုံးဝမဆက်စပ်၊ မဟပ်စပ် သော၊ ဗြိတိသျှဩဇာခံ ဓနသဟာယအဖွဲ့နှင့်လည်း နှီးနွယ်ယှက်မှု မရှိသော၊ လုံးဝလွတ်လပ်သည့် အချုပ်အခြာ ( အာဏာပိုင်နိုင်ငံအဖြစ်သို့ ဆိုက်ရောက်အောင် ပုံဖော်ဖန်တီးတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဦးဆွေးဆံမြည့် ထိန်းသိမ်းကြရေး

ထိုသို့ တည်ဆောက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း အဓိကရည်မျှော်သော ဦးတည်ချက်မှာ ထိုလုံးဝလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကို ပြည်ထောင်စုဖွားတိုင်းရင်းသား အပေါင်းတို့က တစ်ပေါင်းတစ်စည်းတည်း၊

ထာဝရမခွဲ အမြဲတမ်းလက်တွဲလျက်ရှိကြသည့် တည်တံ့ခိုင်မြဲနေသော ဂုဏ်သိက္ခာကို လည်းကောင်း၊ နိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ လေပြင်တို့ကို အချုပ်အခြာအာဏာ ပိုင်ပိုင် စိုးမိုးအုပ်ချုပ်နိုင်သော အခွင့်အာဏာ များကိုလည်းကောင်း၊ တရားမျှတခြင်းနှင့်တကွ တိုင်းကြီးပြည်ကြီးများ၏ ဥပဒေတို့နှင့်အညီ အရှည်တည်တံ့အောင် ဦးဆွေးဆံမြည့် ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်းကောင်း ဦးတည်ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ကိုယ်တိုင် ထိုစဉ်က မူကြမ်းအဖြစ် ရေးသားခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြဋ္ဌာန်းရာ၌ ထည့်သွင်းမည့်စကားရပ်ကို ကျွန်ုပ်တို့ကိုယ်တိုင် ဖတ်ရှုမှတ်သားခဲ့ရပါသည်။

လွတ်လပ်ရေး အစဉ်ထာဝရ တည်တံ့ရေး အတွက် အဓိဋ္ဌာန်ပြုချက်

ထိုစဉ်က ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားသော စာမူတွင် မြန်မာ့လွတ်လပ်ရေး အစဉ်ထာဝရ တည်တံ့ခိုင်မြဲရေး အတွက် နိုင်ငံတကာနှင့် ရင်းနှီးချစ်ကြည်ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မည်ဟု လွတ်လပ်ရေး အဓိဋ္ဌာန်ပြုချက်ကိုလည်း အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည် -

ကျွန်ုပ်တို့ ချစ်မြတ်နိုးသော လွတ်လပ်သည့် နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် တရားသဖြင့် ရသင့်ရထိုက်သည်လည်းဖြစ်၍၊ ဂုဏ်ကျက်သရေနှင့်လည်း ပြည့်စုံသော အဆင့်အတန်းကိုရရှိ၍၊ လူသတ္တဝါ ခပ်သိမ်းတို့၏ အကျိုးစီးပွားကို တိုးတက်စေရန်၊ မိမိ၌ တာဝန်ရှိသည့်အလျောက် အစွမ်းကုန် အားထုတ် ဆောင်ရွက်ပြီးလျှင်၊ ပြည်ထောင်အချင်းချင်း တရားမျှတမှုနှင့် လောကဝတ်တရားတို့ကို ထောက်ကာ၊ အိမ်နီးချင်းနိုင်ငံတို့နှင့် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင် ရွက်မည်ဟု ခိုင်မြဲသောအဓိဋ္ဌာန်ကို ပြုပါသည်။ ”

ဗိုလ်ချုပ်၏အရှည်မျှော်သော လမ်းညွှန်ချက်

ထို့ပြင် အချုပ်အခြာ အာဏာအားလုံးကို တိုင်းသူပြည်သားတို့ထံမှသာ ခံယူသုံးစွဲရန် အတွက်ကိုလည်း ဗိုလ်ချုပ်သည် အရှည်ရည်မျှော်၍ အခြေခံဥပဒေရေးဆွဲရာတွင် အမိကလမ်းညွှန်ခဲ့သည်ကို ၎င်းကိုယ်တိုင် ရေးသားခဲ့သော အောက်ပါစာပိုဒ်ဖြင့် ဖတ်ရှု မှတ်သားခဲ့ရပါသည် -

အချုပ်အခြာအာဏာ ပြည်သူ့ထံမှသာ ရယူရန်

လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံတော်သည် လည်းကောင်း၊ ပြည်ထောင်စု အဖွဲ့ဝင်များသည်လည်းကောင်း၊ ပြည်ထောင်စုအစိုးရဌာနများသည် လည်းကောင်း၊ အသီးသီးတို့သည် မိမိတို့၏ အမိန့်အာဏာနှင့် အာဏာအားလုံးတို့ကို၊ တိုင်းသူပြည်သားတို့ထံမှသာ ခံယူသုံးစွဲရမည်ဟု ဗိုလ်ချုပ် လမ်းညွှန်ချမှတ်ခဲ့ပါသည်။

နိုင်ငံသားတို့၏ လွတ်လပ်ခွင့် အာမခံချက်

တိုင်းသူပြည်သား နိုင်ငံသားတို့၏ လွတ် လပ်ခွင့် အခွင့်အရေးနှင့် ပတ်သက်၍လည်း -

လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွား ရေး တရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းတူညီမျှ မှု၊ ထို့ပြင် တရားဥပဒေကို လည်းကောင်း၊ လောက၀တ္တရားကို လည်းကောင်း ထောက်၍၊ လွတ်လပ်စွာ တွေးကြံနိုင်မှု၊ လွတ်လပ်စွာ ဖွင့်ဟရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာ ယုံကြည်နိုင်မှု၊ လွတ်လပ်စွာကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန်သွားလာ ဝတ်ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသန ရှာမှီးနိုင်မှု၊ လွတ်လပ်စွာ စည်းရုံးနိုင်မှု၊ လွတ်လပ်စွာ ပြုစု ဆောင်ရွက်နိုင်မှုတို့ကိုပြည်သူပြည်သားအားလုံးတို့ ရရှိခံစားနိုင်အောင် ထိုအခြေခံဥပဒေတို့က အာမခံချက်ရှိရမည်ဟု ဗိုလ်ချုပ် လမ်းညွှန်ချမှတ်ခဲ့ပါသည်။

အောင်ဆန်း - အက်တလီစာချုပ်

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် မြန်မာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှအစိုးရ နန်းရင်းဝန် မစ္စတာအက်တလီတို့ တွေ့ဆုံ ဆွေးနွေးကာ မြန်မာ့လွတ်လပ်ရေးကို ရှေးရှုသော အောင်ဆန်း - အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ

ထိုစာချုပ်အရ တိုင်းပြုပြည်ပြုလွှတ်တော် (Constituent Assembly) cgemangon ဧပြီလတွင် ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်က ၉၅ ဒသမ ၃ ရာခိုင်နှုန်းဖြင့် သောင်ပြို ကမ်းပြို ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

ပဏာမပြင်ဆင်မှုညီလာခံ

ရွေးကောက်ပွဲပြီးသည့်နောက် မကြာမီ ကျင်းပမည့် တိုင်းပြုပြည်ပြု လွှတ်တော်လုပ်ငန်းများ ချောမောစေရန်၊ ထိုနှစ် မေလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံကို ကျင်းပပြီးမြန်မာနိုင်ငံကို လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ နိုင်ငံတော်အဖြစ် တည်ဆောက်ရန်လိုအပ်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အဖွဲ့ဝင် (၁၁၁) ဦး ပါဝင်သော ကော်မရှင်ဖြင့် စတင်ဆွေးနွေးပြီးနောက် မူကြမ်းချမှတ်ကြသည်။

အခြေခံဥပဒေရေးဆွဲခြင်း

ထိုမှနောက် တိုင်းပြုပြည်ပြု လွှတ်တော်ကို ထိုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် စတင်ကျင်းပ၍၊ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံ ဆုံးဖြတ်ချက်နှင့်အညီ၊ အချုပ်အခြာအာဏာပိုင် လုံးဝလွတ်လပ်သော ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံအုပ်ချုပ်ရေး ဥပဒေကို ရေးဆွဲရာ၊ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြီးစီးလေသည်။

အာဏာလွှဲပြောင်းရေးမစ်ရှင်အဖွဲ့

ထိုတွင် မြန်မာ့လွတ်လပ်ရေးအာဏာ လွှဲပြောင်းရေးအတွက် ကြိုတင်လမ်းခင်းပြီး ဖြစ်စေရန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သခင်နု။ ဦးတင်ထွဋ်၊ ဦးကိုကိုကြီး၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေးနှင့် ဗိုလ်ထွန်းလင်းတို့ပါဝင်သော မြန်မာ့မိတ်ဆက် မစ်ရှင်အဖွဲ့ကို အင်္ဂလန်သို့ စေလွှတ်ခဲ့သည်။ ပထမဆုံးသော နိုင်ငံတော်အလံ၊ တံဆိပ်၊ သီချင်းတိုင်းပြုပြည်ပြုလွှတ်တော်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ပထမဆုံးသော နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းတို့ကိုလည်း ရွေးချယ်အတည်ပြု ပြဋ္ဌာန်းခဲ့လေသည်။

လွတ်လပ်ရေးအတွက် လုပ်ငန်းအဆင့်ဆင့်

ဤသို့ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီးနောက်၊ ဦးတင်ထွဋ်၊ ဦးကိုကိုကြီး၊ ဗိုလ်မှူးအောင်၊ မန်းဝင်းမောင်၊ ဒေါက်တာ အေးမောင်၊ မိုးမိတ်စော်ဘွားကြီး၊ ဦးဝမ်ကိုဟောနှင့် ဦးလဘန်ကရောင်းတို့ ပါဝင်သော ကော်မရှင်တစ်ရပ်ကို လန်ဒန်မြို့သို့ ရှေ့ပြေး အဖွဲ့အဖြစ် စေလွှတ်ပြီးနောက်၊ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် သခင်နု၊ ဗိုလ်လက်ျာနှင့် ဗိုလ်ထွန်းလင်းတို့ကို ဘိလပ်သို့သွားရောက်စေပြီး မြန်မာနိုင်ငံကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတော်အဖြစ် အသိအမှတ်ပြု၍ အာဏာလွှဲပြောင်းအပ်နှံရန် မြန်မာ့လွတ်လပ်ရေး စာချုပ်ကိုသခင်နုနှင့် ဗြိတိသျှနန်းရင်းဝန် မစ္စတာ ကလီမင့်အက်တလီတို့ လက်မှတ် ရေးထိုးချုပ်ဆိုခဲ့ကြပြီးသည့်နောက်မြန်မာ နိုင်ငံတော်ကြီးသည် ဗြိတိသျှနယ်ချဲ့ လက်အောက်မှ လုံးဝလွတ်မြောက်ကာ လွတ်လပ်ရေးအောင်ပွဲအလီလီ ဆင်နွှဲနိုင်ခဲ့ကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်၏တိုင်းရင်းသားများအပေါ် သဘောထား

ဤသည့်နောက်တွင်ကား အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ တိုင်းရင်းသား လူနည်းစုများအရေးနှင့် ပတ်သက်၍ သဘောထား ရပ်တည်ချက်ထားရှိပုံများနှင့် အကောင်အထည် ဖော်ဆောင်ခဲ့ပုံများကို အနည်းငယ် ဖြည့်စွက်တင်ပြလိုပါသည်။

တိုင်းရင်းသားတို့အခွင့်အရေး

တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေး တင်းပြည့်ကျပ်ပြည့် ရရှိရေးအတွက် ဖဆပလအဖွဲ့ချုပ် စတင်တည်ထောင်စဉ် ကတည်းမှစ၍ ဗိုလ်ချုပ်သည် အထူးပင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့မြင်သိရှိ ကြရပါသည်။

တိုင်းရင်းသားတို့ သွေးစည်းညီညွတ်ကြရေး

ဗြိတိသျှနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် ဝါးအစည်းပြေသလို သွေးကွဲနေကြသော တိုင်းရင်းသား အချင်းချင်း နားလည်ရင်းနှီးချစ်ကြည် လာနိုင်ကြစေရန်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် သခင်နု၊ ဒီးဒုတ်ဦးဘချို တို့နှင့်အတူ ရှမ်းပြည်၊ ကရင်နီနယ်။ ကချင်နယ်၊ ချင်းနယ်၊ ရခိုင်နယ်များသို့ လှည့်လည်ကာ ဆောင်ရွက်ခဲ့ကြပြီးနောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ကလေးတွင် ကျင်းပသော ပင်လုံညီလာခံတွင် မြန်မာပြည်မနှင့် တိုင်းရင်းသားသွေးရင်းသားချင်းတို့ တစည်းတလုံးတည်း အတူတကွ ပူးပေါင်းကြရန် ဆုံးဖြတ်ကြလေသည်။ လူနည်းစုအကျိုး အများဆုံးပေးနိုင်အောင် ထိုဆုံးဖြတ်ချက်နှင့်အညီ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် တိုင်းရင်းသားလူနည်းစုများသည် (၁)လူတို့၏ အခွင့်အရေး၊ (၂)လူမျိုးဓလေ့စရိုက် ထုံးတမ်း အခွင့်အရေး၊ (၃) ကိုယ်ပိုင်ယဉ်ကျေးမှု ပြဋ္ဌာန်းခွင့်ကို မထိခိုက်စေဘဲ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံနိုင်သော အခွင့်အရေး၊ (၄) ဥပဒေပြုအဖွဲ့တွင် ထိုက်သင့်သော ကိုယ်စားလှယ်ဦးရေ ပါဝင်ရေးများ ရရှိစေ ရမည်ဟု ခံဝန်ချက်ရှိခဲ့ကြသည့်အတိုင်း တိုင်းရင်းသားလူနည်းစုတို့၏ အကျိုးကို အများဆုံး ပေးအပ်နိုင်အောင် ဗိုလ်ချုပ် ကိုယ်တိုင် ဦးဆောင်ကြိုးပမ်း ပြဋ္ဌာန်းခဲ့လေသည်။

မန်ခန်ရွာချစ်ကြည်ရေးအဖွဲ့

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များဖြစ်ကြသော ကချင်အမျိုးသားခေါင်းဆောင်များသည် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်တွင် မြစ်ကြီးနားမြို့နှင့် ၅ မိုင်ခန့်ဝေးသော မန်ခန်ရွာ စာသင်ကျောင်းဝင်းအတွင်း ချစ်ကြည်ရေးမဏ္ဍပ်ကြီး၌ အထူးယုံကြည် အားထားရသော မိတ်ဆွေစစ်ဖြစ်ကြောင်း အထိမ်းအမှတ် မင်္ဂလာပန္နက် စိုက်ထူနိုင်ခဲ့ကြလေသည်။

ဤသည်မှာ ပြည်ထောင်စု

လွတ်လပ်ရေးသမိုင်းတွင် အထူးမော်ကွန်းထိုး မှတ်တမ်းတင်ကြရမည့် အပိုင်းကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ မိတ်စစ်ဆွေစစ်တို့၏ ထမင်းစားပွဲကြီး ကချင်အမျိုးသားယဉ်ကျေးမှုထုံးတမ်းအရ ဗိုလ်ချုပ်အောင်ဆန်းအား ၎င်းတို့အထူး ယုံကြည်အားထားရသည့် မိတ်စစ်ဆွေစစ်ဖြစ်ကြောင်း ကမ္ပည်းမော်ကွန်းတင်အထိမ်း အမှတ်အဖြစ်ဖြင့် ကချင်အမျိုးသမီးတို့၏ ထုံးစံနှင့်အညီ အထူးထမင်းစားပွဲကြီးတွင် ဝါးကျည်တောက်ဖြင့် ခေါင်ရည်တိုက်ခြင်း၊ ဖက်ခင်း၍ ထမင်းကျွေးခြင်း၊ ကချင် လွယ်ဆက်ခြင်း၊ ကောင်းချီးသြဘာပေးခြင်း စသည်ဖြင့် ချစ်ကြည်ရင်းနှီးမှု ထုံးဓလေ့အတိုင်း ဆောင်ရွက်ကြလေသည်။

ဗိုလ်ချုပ်၏သဘောထားနှင့် စေတနာ

ထို ကချင်ရိုးရာ အထူးထမင်းစားပွဲတွင် ဗိုလ်ချုပ်က ကချင် - ဗမာ သွေးစည်း ချစ်ကြည်ရေးနှင့် တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး အရေးကြီးပုံနှင့် တိုင်းရင်းသားများအပေါ် ထားရှိသော ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားနှင့် စေတနာများကို ပွင့်လင်းရိုးသားစွာ အရှိ အရှိအတိုင်း အမှန် အမှန်အတိုင်း မိန့်ကြားသွားလေသည်။

အပြောမဟုတ် လက်တွေ့လုပ်ပေးခြင်း

ဒူးဝါးကြီးနှင့်တကွ ဂျင်းဖော | အမျိုးသား အမျိုးသမီးအပေါင်းတို့၊ ကျွန်တော်သည် ဂျင်းဖောလူမျိုးများအား မေတ္တာရှိ၍ ကျွန်တော်၏ သွေးသားရင်းချာကဲ့သို့ သဘောထားပါတယ်။ မြန်မာနိုင်ငံဖွား တိုင်းရင်းသားအချင်းချင်းတို့ အပေါ်၌ ရင်းချာသော ညီအစ်ကိုကဲ့သို့ သဘောထားကြောင်းမှာ အပြောအားဖြင့် မဟုတ်၊ အလုပ်သဘောအားဖြင့်လည်း ပြခဲ့ပါပြီ။ ဥပမာ တစ်ခုအနေ တင်ပြရလျှင် ဂျင်းဖောစစ်တပ်သီးသန့် တည်ရှိလာရခြင်းမှာ ကျွန်တော်၏ ကြိုးစားလုံးပန်းမှုကြောင့် ဖြစ်လာရကြောင်း သိကြစေလိုပါတယ်။ အရှေ့အာရှတောင်ပိုင်း မဟာမိတ်တို့ရဲ့ စစ်သေနာပတိချုပ် မောင့်ဘက်တန်နဲ့ ကျွန်တော်တို့သဘောတူ စာချုပ်ချုပ်ဆိုလာခဲ့တဲ့အတွက် အခုလို ဖြစ်ပေါ်လာရတာ ဖြစ်တယ်။ ” သူ့တပ်နဲ့ သူ့ဗိုလ်တွေ ခန့်ထားရန် အဲဒီစာချုပ်ထဲမှာ သူ့ဆိုင်ရာဆိုင်ရာ တိုင်းရင်းသားစစ်တပ်နဲ့ သူ့တိုင်းရင်းသား စစ်ဗိုလ်များထားရှိရမယ်လို့ သဘောတူ စာချုပ်ထဲမှာ ပါရှိပါတယ်။ ယခုအခါမှာ တိုင်းရင်းသားမဟုတ်သူများက တိုင်းရင်းသားစစ်တပ်များမှာ စစ်ဗိုလ်များအဖြစ်နဲ့ ရှိနေကြသေးသော်လည်း၊ ဒါတွေကိုရုပ်သိမ်းအောင် ကြိုးစားလျက်ရှိနေပါတယ်။ စာချုပ်မှာ ပါရှိပြီးဖြစ်တဲ့အတွက် မရုပ်သိမ်းနိုင်စရာ အကြောင်း မရှိပါဘူး။

ယခင် အနှိမ်ခံဘဝ

ဟိုအရင်ကဆိုလျှင် တိုင်းရင်းသားများ အနှိမ်ခံခဲ့ကြရပါတယ်။ စစ်ဗိုလ်အတတ်တွေ တတ်ကြသော်လည်းပဲ သူတို့နဲ့ တန်းတူ အဆင့် မပေးကြပါဘူး။ ဂျမဒါလောက်။ ဆူဗေဒါလောက်သာ ပေးခဲ့ကြတယ်။ အခုက ဒီလိုမဟုတ်တော့ပါဘူး။ တန်းတူရည်တူ အဆင့်အတန်းရကြတော့မှာ ဖြစ်တယ်။ ဒါဟာလည်း တိုင်းရင်းသားတွေအားလုံး အပေါ်မှာ ကျွန်တော်ရဲ့ စေတနာထားပုံ သက်သေသာဓကတစ်ရပ် ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ ကိုယ်တိုင်အုပ်ချုပ်ရန်

ဒါ့အပြင် ကျွန်တော်တို့ အစိုးရရဲ့ ပေါ်လစီကို ထုတ်ပြန်ကြေညာရာမှာလည်း တောင်တန်းဒေသနယ်ပယ်များမှာ သူ့နယ်နဲ့သူဆိုင်ရာ တိုင်းရင်းသားများကိုယ်တိုင် အုပ်ချုပ်၍ ဗမာပြည်မနှင့် စုပေါင်းညီညွတ်စွာရှိရန် ရည်ရွယ်ချက်ထားရှိကြောင်းကိုလည်း အတိအလင်းကြေညာပြီး ဖြစ်ပါတယ်။ ဒါဟာလည်း တိုင်းရင်းသားများ အပေါ်မှာ စေတနာထားရှိပုံ သက်သေတစ်ရပ်ဖြစ်ပါတယ်။

ဗမာအစိုးရ၏ အထူးလိုလားချက်

ကျွန်တော်တို့ ဗမာအစိုးရဟာ တောင်တန်းနယ်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ စီးပွားရေးတိုးတက်ရေးကို အထူးလိုလားပါတယ်။ အခုတော့ ဗမာပြည်လွတ်လပ်ရေး မရသေးတဲ့အတွက် ကျွန်တော်တို့စိတ်တိုင်းကျ လုပ်ချင်သလောက် မလုပ်ပေးနိုင်ဘဲ ရှိနေပါတယ်။ အခုကတောင်တန်းနယ်များကို (ဗြိတိသျှဘုရင်ခံ တစ်ဦးတည်းက တာဝန်ယူ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်၏ လိုလားချက်

ကျွန်တော်တို့ လိုလားချက်က ရှမ်းပြည်။ ဂျင်းဖောနယ်၊ ချင်းတောင်များကို ဘုရင်ခံက တာဝန်မယူဘဲ တောင်တန်းနယ်များဆိုင်ရာ ရှမ်းတို့၊ ဂျင်းဖောတို့၊ ချင်းအမျိုးသားတို့ကို တာဝန်ပေးအပ်ကာ ဆောင်ရွက်အုပ်ချုပ်စေရန် ဖြစ်ပါတယ်။ ဒီအတိုင်း ကျွန်တော်တို့ ချမှတ်ထားပြီးဖြစ်ပါတယ်။အခုလို ချမှတ်ဆောင်ရွက် တာတွေကပင် ကျွန်တော်တို့က ဂျင်းဖော စတဲ့ တိုင်းရင်းသားတွေအပေါ်မှာ စေတနာ ကောင်းထားကြောင်း၊ ချစ်ခင်ရင်းနှီးတဲ့ စိတ်ထားရှိကြကြောင်း သက်သေသာမကများပဲ ဖြစ်ပါတယ်။

တစ်ဦးတည်း မရပ်တည်နိုင်

အထူးသတိပြုစေလိုတဲ့ အချက်တစ်ခုမှာ ယခုအခါမှာ ကမ္ဘာပေါ်တွင် အရေးပါ အရာရောက်နေကြတဲ့ နိုင်ငံကြီးများပင်လျှင် မိမိတစ်ဦးတည်း အပေါင်းအသင်းမရှိဘဲ မနေနိုင်၊ မရပ်တည်နိုင်ကြပါဘူး။ အချင်းချင်း နီးစပ်ရာ နီးစပ်ရာ နိုင်ငံများနဲ့ ပူးပေါင်းနေနိုင် ရေးအတွက် ကြိုးစားဆောင်ရွက်နေကြရပါ တယ်။

ဗမာပြည်အားရှိနေအောင်

ဗမာပြည်လည်း နီးစပ်ရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရပါမယ်။ အားရှိအောင် ဖန်တီးရပါမယ်။ ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရန်လည်း အထူးအရေးကြီးပါတယ်။ ဂျင်းက တခြား၊ ချင်းကတစ်ဖုံ၊ ရှမ်းကတစ်မျိုး ဆိုသလို အကွဲကွဲအပြားပြား ဖြစ်နေကြမယ်ဆိုလျှင် ဘယ်သူမှ အင်အားရှိကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် တသီးတခြားစီနေကြလျှင် ဘေးအန္တရာယ်နှင့် မကင်းတာကို သတိပြု ကြပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုရှိကြရန် အထူးလိုလားကြစေလိုပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်သည့်နယ်မြေများ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံဖွား တိုင်းရင်းသားများအပေါ် ထားရှိသည့် သဘောထားအတိုင်း လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံအဖြစ်သို့ ရောက်ရှိတော့မည့် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲအပ်သော နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် တိုင်းရင်းသားတို့ ကိုယ်ပိုင်အုပ်ချုပ် စီမံဆောင်ရွက်နိုင်ကြသော နယ်မြေအဆင့် အတန်းများကို အောက်ပါအတိုင်း စီမံပြဋ္ဌာန်းခဲ့လေသည်

ဥပဒေအရပေးသည့် အဆင့်အတန်းများ

အောက်ပါအင်္ဂါလက္ခဏာများအားလုံးနှင့် သော်လည်းကောင်း၊ အချို့နှင့်သော်လည်းကောင်း ပြည့်စုံသည့် နယ်မြေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းသတ်မှတ်သော တရားဥပဒေနှင့်အညီ “ပြည်ထောင်စု ပြည်နယ် ” အဆင့်အတန်းကို ဖြစ်စေ၊ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ” ပြည်နယ် အဆင့်အတန်းကိုဖြစ်စေ၊ “လူမျိုးစုပြည်နယ် ” အဆင့်အတန်းကိုဖြစ်စေ ရရှိစေရမည်ဖြစ်သည်။

ပြည်နယ်ရထိုက်သော အဆင့်အတန်း

အင်္ဂါလက္ခဏာများ ၁။ ပထဝီအနေအထားအရ နယ်နိမိတ်အထင်အရှားရှိခြင်း၊ ၂။ မြန်မာစကားနဲ့မတူသော ဘာသာစကားတစ်မျိုးတည်းရှိခြင်း၊ ၃။ ယဉ်ကျေးမှုတစ်မျိုးတည်းရှိခြင်း၊ ၄။ ရာဇဝင်(သမိုင်း) အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း၊ ၅။ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း၊ ၆။ လူဦးရေအတော်အတန်ရှိခြင်း၊ ၇။ ပြည်ထောင်စုသီးခြား “အဖွဲ့ဝင်တစ်ခု ” အဖြစ်ဖြင့် မိမိ၏ကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသောဆန္ဒရှိခြင်းတို့ဖြစ်သည်။

အခြေခံဥပဒေရေးဆွဲကြစဉ်က

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးဆွဲကြစဉ်က မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၆၇) မျိုးသာ ရှိသည်ကိုလည်း ဗိုလ်ချုပ်တို့ပြုစုခဲ့သည့် မှတ်တမ်းစာရင်းများအရ အောက်ပါအတိုင်း သိရှိကြရပါသည်

ဤအချက်ကို ဖော်ပြရခြင်း ရည်ရွယ်ချက်မှာ ပြည်ထောင်စုတိုင်းရင်းသားတိုင်း (အထူးသိရှိ မှတ်သားနိုင်ကြစေရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ရှိ တိုင်းရင်းသားလူမျိုးများ

(၁) ကယား (ကရင်နီ) (၂) ကရင် (စကော) (၃) ကရင် (ပကူး) (၄) ကရင် (ပိုး) (၅) ကရင်ဖြူ (၆) ကေခု (၇) ကေဘ (၈) ကဲခို(၉)ကော် (၁၀) ကိုးကန့် (၁၁) ခမွေး (၁၂) ခေါင်းပုံ (၁၃) ချင်း (၁၄) ချင်း (ဆလိုင်း) (၁၅) ဂဏန်း (၁၆) ဂဒူး (၁၇) ဂုံ (၁၈) ဂျင်းဖော (၁၉) ဆလုံ (၂၀) တောင်ရိုး (၂၁) ထရုံ (၂၂) ထိုင်းလွယ် (တောင်ပေါ်ရှမ်း) (၂၃) ပလောင် (၂၄) ဒိုင်နက် (၂၅) ဓနု (၂၆) နာဂ (၂၇) ပဒေါင် (၂၈) ပရချီး (၂၉) ပရဲ (၃၀) ပလောင် (ပလောင်) (၃၁) ပလောင် (ရွှေပလောင်) (၃၂) ပအို့ (၃၃) ဗမာ (ထားဝယ်) (၃၄) ဗမာ (တိုင်း) (၃၅) ဗမာ (ပသျှူး) (၃၆) ဗမာ (မြတ်) (၃၇) ဗရမာကြီး (၃၈) ဘွဲ့ (၃၉) မနုမနော (၄၀) မရူ (၄၁) မရို (၄၂) မွန် (၄၃) မြန်မာ (၄၄) မြောင်း (၄၅) ယင်းကြား (၄၆) ယင်းတလဲ (၄၇) ယင်းနက် (၄၈) ယင်းဘော် (၄၉) ရခိုင် (၅၀) ရှမ်း (၅၁) ရှမ်းကလေး (၅၂) ရှမ်းကြီး (၅၃) ရှမ်း ကွေ့ရှမ်း) (၅၄) ရှမ်း(ဆင်ကလိုင်၊ ခန္တီး) (၅၅) ရှမ်း (ပူတာအို) (၅၆) ရှမ်း (မောရှမ်း) (၅၇) ရှမ်း (တရုတ်) (၅၈) လေရှီး (၅၉) လဝမ် (၆၀) လားဟူ (၆၁) လီစူး (၆၂) လူရှိုင်း (၆၃) လွယ် (၆၄) ဝ ။ (၆၅) သက် (၆၆) အင်း (၆၇) အင်းသား စေတနာစကားများ

ဤသည်တို့ကား မြန်မာ့လွတ်လပ်ရေး ဗိသုကာအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ကိုယ်ကျိုးမဖက် တိုင်းပြည်နှင့် လူမျိုးအတွက်၊ အားခဲ၍ ကြိုးပမ်းဖော်ဆောင်ခဲ့သော ယခု ၇၂ - နှစ်ကျော် အောင်ပွဲခံယူနေကြပြီဖြစ်သည့် အချုပ်အခြာအာဏာပိုင် လုံးဝလွတ်လပ်သည့် မြန်မာနိုင်ငံတော်ကြီး၏ သမိုင်းဝင် ပုံရိပ်များပင်ဖြစ်ပါသည်။ နှောင်းလူတို့ အသိပညာဗဟုသုတဖြစ်ကြပါစိမ့်သောငှာ ကိုယ်တိုင်ပါဝင် ဖြတ်သန်းခဲ့ရပါသော ဗဟုသုတ အကြောင်းအချက်များ၏ တစ်စိတ်တစ်ပိုင်းကို စေတနာ မေတ္တာထား၍ တင်ပြအပ်ပါသည်။

လွတ်လပ်ရေးနေ့ အပြောချင်ဆုံးစကား

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ သမိုင်းတစ်လျှောက် ပြောလျှင်ပြောသလိုလုပ်၍ လုပ်တိုင်းလည်း အောင်မြင်ကာ ပေးလိုက်သည့် ကတိစကားအတိုင်းလည်း တည်သည့် ( တစ်ဦးတည်းသာရှိသော နိုင်ငံခေါင်းဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်ပါသည်။

ဗိုလ်ချုပ်၏ ရဲရဲတောက် ကတိ

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ ဆင်ဝင်ထက်ပေါ်မှ ကျင်းပသော လူထုစည်းဝေးပွဲကြီးတွင် “ တစ်နှစ်အတွင်း လွတ်လပ်ရေး လုံးဝရစေရမယ် ” ဟု ဗိုလ်ချုပ်ကိုယ်တိုင် လူထုကို ရဲရဲကြီး ကတိပေးခဲ့သည်။

ကတိပေး၊ ပေးသည့်အတိုင်းဖြစ်

ထိုကတိစကားအတိုင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (တစ်နှစ်မပြည့်မီ)တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်။ ဤကဲ့သို့ ကတိပေး၊ ပေးသည့်အတိုင်း ဖြစ်ရသောအဖြစ်တို့သည် လောက၌ ဖြစ်ခဲ၏။ ဖြစ်ခဲ့သည့် အဖြစ်သည် အမှန်တကယ်ဖြစ်ခဲ့ရသည်မှာ အလွန်တရာ ထက်သန်စူးရှရဲရင့်ပြောင်မြောက်လှသော သူရဲကောင်းတို့၏ အလွန်တရာ ပြင်းထန်သော စိတ်လှိုင်းရိုက်ခတ်ချက်ကြောင့် ဖြစ်ရသည်ဆိုသော်ငြား ကတိပေး၊ ပေးသည့် ကတိအတိုင်း ဖြစ်ခဲ့ရသည်။ ။

ထိုသို့ပေးသည့် ကတိအတိုင်း တည်သည့်တစ်ဦးတည်းသော ပုဂ္ဂိုလ်ထူးမှာ ဗိုလ်ချုပ်အောင်ဆန်းသာဖြစ်ကြောင်း (၇၃) နှစ်ပြည့် ပြည်ထောင်စုနေ့ အခါသမယတွင် အပြောချင်ဆုံးစကားအဖြစ် ပြောကြားလိုက်ရပါသည်။

ဗိုလ်ချုပ်တည်ဆောက်လိုသည့်နိုင်ငံတော်

ထိုထက်ဖြည့်စွက်၍ပြောကြားလိုသည့် စကားမှာ ဗိုလ်ချုပ်မျှော်မှန်းတည်ဆောက် အကောင်အထည်ဖော်လိုသော မြန်မာနိုင်ငံတော်မှာ ယခုအခါ တိုင်းရင်းသား ခေါင်းဆောင်ကြီးများအားလုံး၊ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ကြ၍၊ ထာဝရ ငြိမ်းချမ်းသာယာဝပြောသော တိုင်းရင်းသားခေါင်းဆောင်ကြီးများအားလုံး၊ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ကြ၍၊ ထာဝရ ငြိမ်းချမ်းသာယာဝပြောသော တိုင်းရင်းသား အားလုံး တစ်စိတ်တစ်ဝမ်းတည်း အခွင့် တူညီမျှ ချမ်းသာကြရမည့် ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတော်သစ်ကြီး အောင်အောင်မြင်မြင် အမြန်တည်ဆောက်ကြမည့် ပြည်ထောင်စုကြီးမျိုးသာလျှင် ဖြစ်ပါကြောင်း အပွင့်လင်းဆုံး ပြောကြားပါရစေခင်ဗျား။ ။

ဟံသာဝတီ - ဦးအုန်းကြိုင်