အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ/ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၁ ဖေဖော်ဝါရီ

           

အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသည် ကတိဖြစ်မေးခွန်းများနှင့်စပ်လျဉ်း၍ မေးခွန်းရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ကချင် ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ်(I-20) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြား ပြီး ဇန်နဝါရီ ၅ ရက်မှ ၁၄ ရက်အထိ ကွင်းဆင်းစိစစ်ခဲ့သည့် မေးခွန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် မှာကြားသည်။

 

58

           

ထို့နောက် မေးခွန်းရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)၊ ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁၁)နှင့် ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းလေ့လာစိစစ်တွေ့ရှိချက်များကို တင်ပြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၏ ပြန်လည် ရှင်းလင်း တင်ပြမှုများအပေါ် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

အစည်းအဝေးသို့ ကော်မတီအတွင်းရေးမှူး ဦးကျော်နီနိုင်၊ ကော်မတီအဖွဲ့ဝင်များ၊ မေးခွန်းရှင်ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)