အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တာဝန်ရှိသူများနှင့် ကချင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအားကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

နေပြည်တော် ၂၆  ဧပြီ

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှတာဝန်ရှိသူများနှင့် ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအဖွဲ့ဝင် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက်ရေး ကော်မတီ (KHCC) ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်၊ ဒုတိယဥက္ကဋ္ဌ (၁) ဖာသာရ် ပေါလ်အောင်ဒန့်၊ ဒုတိယဥက္ကဋ္ဌ(၂) ဖာသာရ် ဒေါက်တာပီတာ ခါးအောင်တူး၊ ဒုတိယဥက္ကဋ္ဌ(၃) သိက္ခာတော်ရဆရာတော် ကျန်မဂျာ တူးရှန်၊ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဖော်ယောင်တူးမိုင်၊ ဒုတိယအတွင်းရေးမှူး (၁) ဖာသာရ် နိုအဲလ် နော်လတ်၊ ဒုတိယအတွင်းရေးမှူး (၂) သိက္ခာတော်ရဆရာတော် မဂျီ ဘောက်လာ၊ ဒုတိယအတွင်းရေးမှူး (၃) ဦးဖော်ရမ်ခါးလီ၊ အဖွဲ့ဝင် ဦးအင်ရှန်းဆန်အောင်၊ အကြံပေး ဒေါ်အယ်လ် ဂျာနန် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA တွင် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ သဘောတူလက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နေရပ်စွန့်ခွာပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကူညီမှုများပေးနိုင်ရန် အတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရသူများအနေဖြင့် ၎င်းတို့၏နေရပ်သို့ ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်နိုင်ရန်၊ IDP စခန်းများတွင် လတ်တလောလိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရန် နှင့် IDP စခန်းများ ပိတ်သိမ်း နိုင်ရေးဆွေးနွေးသွားမည်ဖြစ်ပါကြောင်း။

 

အဆိုပါကိစ္စများသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဦးစားပေးဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းကိစ္စ ဖြစ်ပါကြောင်း၊ KIO၊ KIA ခေါင်းဆောင်များနှင့် အလွတ်သဘော တွေ့ဆုံသည့်နေရာတွင် ယုံကြည်မှု တည်ဆောက်ရန်အတွက် ခိုင်ခိုင်မာမာအထောက်အကူပြုနိုင်ရန် IDP စခန်းမှ ပြည်သူများနေရပ်ပြန်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် ကချင်ပြည်နယ်စစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌတို့နှင့် မြစ်ကြီးနားတွင် တွေ့ဆုံသည့်အခါတွင်လည်း IDP ကိစ္စကို နိုင်ငံတော်အစိုးရနှင့် ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့မှုရှိပါကြောင်း။

 

ကချင်ပြည်နယ်အတွင်းရှိသည့် နေရပ်စွန့်ခွာရသည့်ပြည်သူများဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချ နေထိုင်နိုင်ရေး၊ IDP စခန်းများ ပိတ်သိမ်းရေးနှင့်ပတ်သက်ပြီး ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အစိုးရဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

 

ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများအားကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် က ယခုကဲ့သို့ IDP စခန်းများမှ မိမိနေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်ရေးအတွက် တရားဝင်ဆွေးနွေးခြင်းသည် ကောင်းမွန်သော အဖြေတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း။

 

IDP အရေးသည် ငြိမ်းချမ်းရေးနှင့် ဆက်နွယ်နေသည်ကို မိမိတို့အားလုံး ယုံကြည်ပါကြောင်း၊ ပြည်တွင်းစစ်ကြောင့် ဒေသခံပြည်သူများနေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခြင်းသည်  ဘေးကင်းလုံခြုံသော နေရာသို့ တိမ်းရှောင်နေခြင်းဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် နှင့် ရှမ်းမြောက်ဒေသတွင် ၂၀၁၁ ခုနှစ်မှစတင်ပြီး တစ်ကျော့ပြန် နေရပ်စွန့်ခွာ  IDP များ တစ်သိန်းခန့်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပါကြောင်း။

 

ယခု ၈ နှစ်ထဲသို့ရောက်လာသည့်အခါတွင် ခက်ခဲမှုများ၊ ပြသနာများစွာနှင့် ရင်ဆိုင်နေရပါကြောင်း၊ လူထုများကလည်း မိမိနေရပ်သို့ပြန်ရန် ဆန္ဒပြင်းပြနေကြပါကြောင်း၊ ထိုကဲ့သို့ IDP ပြဿနာများ ရင်ဆိုင်နေရမှုကြောင့် နိုင်ငံရေးခေါင်းဆောင်များနှင့် လူမှုရေးအဖွဲ့အစည်းပေါင်းစည်းပြီး KHCC ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းကာ IDP များနေရပ်ပြန်ရေးကို သက်ဆိုင်ရာအစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီဝင်များသည် မိခင်အဖွဲ့အစည်းများ၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသော ခေါင်းဆောင်များဖြစ်ပြီး မိခင်ဘာသာရေး အဖွဲ့အစည်းများကို ကိုယ်စားပြုသော ပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ ကော်မတီ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး ToR တွင် ပါပြီး ဖြစ်ပါကြောင်း။

 

IDP နေရပ်ပြန်ရေးကိစ္စသည် စစ်ရေးနှင့်အများဆုံး ဆက်နွယ်နေသည့်အတွက်ကြောင့် တိုင်းရင်းသား ဒေသများတွင် စစ်အရှိန်ကိုလျှော့ပြီး IDP များယုံကြည်မှုရှိသည် အထိ ငြိမ်းချမ်းမှု တည်ဆောက်ရေးအတွက် လုပ်ဆောင်နိုင်ပါက  IDP နေရပ်ပြန်ရေးသည် အချိန်တိုအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ နှစ်ပေါင်း ၆၀၊ ၇၀ ခန့်ရှည်လျားခဲ့သည့် ပြည်တွင်းစစ်အဆုံးသတ်နိုင်ရန် တိုင်းရင်းသားများ တောင်းဆိုနေသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပီပီပြင်ပြင်ဖြစ်လာရန်အတွက် အကောင်အထည်ဖော်ရေးသည်လည်း အဓိကဖြစ်သည့် အတွက်ကြောင့် အစိုးရအနေဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သ အပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ တာဝန်ရှိသူများက ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ဆောင်ရွက်ပေးနေမှုများ၊ IDP စခန်းများအနေဖြင့် ၄င်းတို့နေရပ်သို့ ဂုဏ်သိက္ခာရှိစွာဖြင့် ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချ နေထိုင်နိုင်ရေးကိစ္စ၊ IDP စခန်းများလတ်တလောလိုအပ်နေသည့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးရေးကိစ္စ၊ IDP စခန်းများပိတ်သိမ်းရေး ကိစ္စတို့နှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြပြီး သဘောတူညီချက်များကို ရယူကြသည်။

 

ထို့နောက် KHCC ဥက္ကဋ္ဌက မိမိတို့ယခုလိုဆွေးနွေးခွင့် ရသည့်အတွက် များစွာ အကျိုးရှိပါကြောင်း၊ မိမိတို့အားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသည့် ညီအစ်ကိုများဖြစ်ပါကြောင်း၊ ယခုအချိန်သည် ယုံကြည်မှုတည်ဆောက်ရန်အတွက် အခွင့်အခါကောင်း ဖြစ်ပါကြောင်း၊ ယခုအခွင့်အရေးကိုအဆုံးအရှုံးမခံရန် အရေးကြီး ပါကြောင်း၊ လာမည့် ဧပြီ ၃၀ ရက်တွင် KIA နှင့်တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးပြီး နေရပ်ပြန်ရေးကို ပထမအဆင့် အကောင်အထည်ဖော်သွားရန် မိမိတို့လိုလားပါကြောင်း၊ နေရပ်ပြန်ရေးကိစ္စ အကောင်အထည်ဖော်သည့်အခါ ယုံကြည်မှု များစွာရရှိပြီး NCA လက်မှတ်ရေးထိုးရေး ကိစ္စနောက်ပိုင်းတွင် ဆက်လက် ပါဝင်လာနိုင်မည်ဟု မိမိတို့ ယုံကြည်ပါကြောင်း၊ ကချင်ပြည်နယ်၏ လက်နက်ကိုင် ပဋိပက္ခ ပေါ်ပေါက်လာရခြင်းသည် နိုင်ငံရေးအရဖြစ်သည်ဟု မိမိတို့နားလည်ပါကြောင်း၊ ထို့ကြောင့် ကချင်ပြည်သူများက နိုင်ငံရေးအရ ဖြေရှင်းရမည်ဟု နားလည်ပါကြောင်း၊ နိုင်ငံရေးအရဖြေရှင်းသွားမည့် လမ်းစဉ်ကို NRPC ၏ ဦးဆောင်မှုအောက်တွင် ပွင့်ပွင့်လင်းလင်းတွေ့ဆုံခွင့်ရပြီး အခြေခံအချက်များ ရရှိခဲ့သည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ကချင်ပြည်နယ်အတွင်း အမြန်ဆုံး ငြိမ်းချမ်းရေးရရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းများက ကြိုးစားနေသကဲ့သို့ ကချင်ဒေသ တိုက်ပွဲရှောင် ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလုံရာ စခန်းများ ပိတ်သိမ်းရေးသည် မိမိတို့အားလုံးအတွက် အဓိကဦးစားပေး လုပ်ငန်းဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာရသူများ ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးသည် အဓိကကျသည့် ကိစ္စဖြစ်ပါကြောင်း၊ သို့မှသာ တိုက်ပွဲရှောင်ပြည်သူများ အနေဖြင့်လည်း ယုံယုံကြည်ကြည်ဖြင့် နေထိုင်နိုင်ကြမည်ဖြစ်ပါကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများမရှိမှသာ KHCC အနေဖြင့်လည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများကို ကူညီနိုင်မည်ဖြစ်ပါကြောင်း။

 

သို့ဖြစ်၍ တိုက်ပွဲရှောင်ပြည်သူများ ဘေးကင်းလုံခြုံစွာနေရပ်ကို ပြန်လည်နေထိုင် နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက လူသားချင်းစာနာထောက်ထားပြီး ကူညီပေးကြရန်လိုအပ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် NRPC နှင့် KHCC အကြား ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့ဝင် ပြည်ထောင်စု ရှေ့နေချုပ်နှင့် အဖွဲ့ဝင်များသည် ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ(KHCC) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

mdn

 

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် KHCC ဥက္ကဋ္ဌတို့က ယနေ့ တွေ့ဆုံ ဆွေးနွေးပွဲနှင့် စပ်လျဉ်းပြီး သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ယနေ့တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC)နှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက် ရေးကော်မတီ(KHCC)တို့က IDP များအနေဖြင့် ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေး အတွက် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှု မူဝါဒနှင့်စံချိန်စံညွှန်းများကိုအခြေခံ၍ NRPC ကချမှတ်သည့် မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို KHCC မှအတူတကွ ပူးပေါင်းဆောင်ရွက်ရန်၊ IDP များနေရပ်ပြန်ရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သည့်အဖွဲ့အစည်း (Stakeholder)များအကြားညှိနှိုင်းဆောင်ရွက်မှု အဆင်ပြေ ချောမွေ့ရေး ပံ့ပိုးကူညီရန်၊ IDP များစားဝတ်နေရေး၊ နေရပ်ပြန်ရေး၊ပြန်လည်နေရာချထားရေး၊ မူလအသက် မွေးဝမ်းကျောင်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် KHCC က လိုအပ်သလို ချိတ်ဆက်ညှိနှိုင်း ပံ့ပိုးကူညီရန်၊  နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေး အလား အလာ ကောင်းမွန်သည့် IDP Camp များရွေးချယ်ရေး၊ ရှေ့ပြေးအစီအစဉ် Pilot Program များရွေးချယ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်နှင့် IDP များနေရပ်ပြန်ရေး၊ ပြန်လည် နေရာချထားရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် KIO/KIA နှင့်ညှိနှိုင်းရန်လိုအပ်သည့်ကိစ္စရပ်များတွင် KHCC ကတာဝန်ယူ ဆောင်ရွက်ရန် စသည့် သဘောတူညီချက် (၅) ချက်ကို ထုတ်ပြန်ခဲ့ကြသည်။

 

မျိုးမြင့်၊ မော်စီ(သတင်းစဉ်)

 

mdn