အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်

သြဂုတ် ၁၂

မျက်မှောက်ကမ္ဘာကြီးတွင် နည်းပညာနှင့်ယဉ်ကျေးမှု တိုးတက်မှုများ အရှိန်အဟုန်ဖြင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိရာ ပြောင်းလဲမှုအပေါ်တွင် အားလုံးလိုက်ပါနေကြပေသည်။ ပြောင်းလဲမှုတိုင်းကို တိုးတက်မှုဟု ပုံသေမှတ်ယူ၍ မရနိုင်သကဲ့သို့ ရှေးရိုးစဉ်လာများကိုလည်း အစဉ်အမြဲဖက်တွယ်နေ၍ ရနိုင်မည်မဟုတ်ပေ။ အဟောင်းဖြစ်သော်လည်း မပစ်ပယ်ထားသင့်သောအရာများမှာ အမျိုးသားယဉ်ကျေးမှုဖြစ်ပြီး အမျိုးသားယဉ်ကျေးမှု၏ မြတ်နိုးတန်ဖိုးထားဖွယ်ရာများကို ယနေ့ထက်တိုင် မြင်တွေ့နိုင်ပေသည်။

ရိုးရာယဉ်ကျေးမှု တေးသီချင်း၊ ဂီတ၊ အဆို၊ အကများ လူမှုကွန်ရက်များပေါ်တွင် ယနေ့ထက်တိုင်အောင် မြင်တွေ့နေရခြင်းသည် ခေတ်ပြိုင်ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာ အနုပညာရပ်များကို သဟဇာတဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်နေခြင်းဖြစ်သည်ကို သက်သေပြလျက်ရှိသည်။ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုသည် မြတ်နိုးဂုဏ်ယူဖွယ်ရာ စရိုက်လက္ခဏာများဖြစ်၍ အမျိုးသားယဉ်ကျေးမှုကို မပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်း မြှင့်တင်ပေးနေခြင်းဖြစ်သည်။ အနုသုခုမ တေးသံသာများသည် တိုင်းပြည်၏ဆည်းလည်းသံဖြစ်၍ တိုင်းပြည်စည်ပင်ဝပြောပြီး အေးချမ်းသာယာနေပါက ချိုမြသည့်အနုသုခုမများ နိုင်ငံတစ်ဝန်းပျံ့လွင့်ကာ ပြည်သူများ နှလုံးဘဝင်အေးချမ်းစေမည်ဖြစ်သည်။

ထို့ကြောင့် ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးသည့်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို နိုင်ငံတော်အဆင့် အစဉ်အဆက်ကျင်းပလာခဲ့ရာ မကြာမီကာလတွင် (၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ကြသော အနုသုခုမပညာရှင်များ၏ ဦးစီးဦးဆောင်ပြုလုပ်မှုဖြင့် နိုင်ငံတစ်ဝန်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားစိတ်ဝင်စားသော မျိုးဆက်သစ်လူငယ်များကို ပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့သည်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများမှတစ်ဆင့် ရွက်ပုန်းသီးအနုပညာရှင်လေးများ နှစ်စဉ်ပေါ်ထွက်လာသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။

ယခုအခါ ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ဒေသအသီးသီးမှ အနုသုခုမပညာရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အဆင့်၊ ခရိုင်အဆင့် အကြိတ်အနယ်ယှဉ်ပြိုင်၍ ဆန်ခါတင်ရွေးချယ်ခြင်းများ ပြုလုပ်ခဲ့ကြပြီဖြစ်သည်။ လက်ရွေးစင် အနုသုခုမပညာရှင်များသည် တိုင်းဒေသကြီးအဆင့်မှသည် ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အားယူပြင်ဆင်နေပြီ ဖြစ်သည်။ မျက်မှောက်ကာလတွင် အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားစံနှုန်းများ မပျောက်ကွယ်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်နေသော အချိန်တွင် ဒေသအသီးသီးမှ အနုသုခုမပညာရှင်များ၏ အားတက်သရော ကြိုးပမ်းအားထုတ်မှုများမှာ ယဉ်ကျေးမှုအစဉ်အလာကြီးမားသော နိုင်ငံ၏ဂုဏ်ဒြပ်များကို ညွှန်းဆိုပြသနေခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို (က) အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ (ခ) တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊ (ဂ) အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ် ပိုမိုထွန်းကားစေရန် ရိုးရာယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊ (ဃ) ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေး ဦးတည်ချက်များဖြင့် ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်၊ အနှစ်သာရများကို (၂၃) ကြိမ်မြောက်ပြိုင်ပွဲ၏ ဦးတည်ချက်များတွင် ထင်ဟပ်ပြသထားရာ တိုင်းပြည်အေးချမ်းသာယာဝပြောရေး၊ ပြည်သူများ နှလုံးစိတ်ဝမ်းချမ်းမြေ့စေရေးတို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်ငြိမ်းချမ်းသာယာရေးတွင် အဓိကလိုအပ်ချက်ဖြစ်သော ထာဝရငြိမ်းချမ်းရေးရရှိရေးကို အထောက်အကူပြုနိုင်ရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ ထွန်းကားပြန့်ပွားလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပညာရပ်များ ရှင်သန်ထွန်းကားပြန့်ပွားလာစေရန် ကြိုးပမ်းအားထုတ်ခြင်းသည် နိုင်ငံနှင့်လူမျိုးကို များစွာအကျိုးပြုသဖြင့် အမျိုးသားယဉ်ကျေးမှုကို ဝိုင်းဝန်းအားပေး မြှင့်တင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

ကြေးမုံ