အမျိုးသမီးလိဂ်ပြိုင်ပွဲကို ပိုမိုအဆင့်မြင်စွာကျင်းပနိုင်ရန် ဆောင်ရွက်နေ

၂ ဧပြီ

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် အမျိုးသမီးလိဂ်ပြိုင်ပွဲကို ပိုမိုအဆင့်မြင်စွာကျင်းပနိုင်ရန်နှင့် လိဂ်ပြိုင်ပွဲမှ လူငယ်ကစားသမားများ ထွက်ပေါ်လာရန် ဆောင်ရွက်လျက်ရှိသည်။

 

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခင်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးလိဂ်ကော်မတီက တာဝန်ယူကျင်းပခဲ့သော်လည်း ယခုနှစ်မှစတင်ကာ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ပြောင်းလဲတာဝန်ယူကျင်းပမည် ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် အမျိုးသမီးလိဂ်ပြိုင်ပွဲကျင်းပရန် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ရေးဆွဲနေပြီး ပရိုပုံစံဖြင့် ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် ပြည်တွင်းပြိုင်ပွဲများကျင်းပမှုကို ရပ်ဆိုင်းထားရပြီး အမျိုးသမီးလိဂ်ပြိုင်ပွဲ ကျင်းပရန်စီစဉ်ထားမှုကိုလည်း ရပ်ဆိုင်းထားရသည်။

 

လက်ရှိအနေအထားအရ ယခင်ကျင်းပရန်စီစဉ်ထားသည့် နှစ်လယ်ပိုင်းတွင် ကျင်းပနိုင်ဖွယ်မရှိဘဲ နှစ်ကုန်ပိုင်းမှသာ အစောဆုံး ကျင်းပနိုင်ဖွယ်ရှိနေသည်။ နောက်ဆုံးကျင်းပသည့် ၂၀၁၈-၂၀၁၉ ရာသီတွင် အသင်းပေါင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အသင်းအချို့ နုတ်ထွက်ရန်ရှိသလို အသင်းသစ်များလည်း ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိသောကြောင့် ပြိုင်ပွဲဝင်မည့်အသင်းများကို ပြန်လည်အတည်ပြုရမည် ဖြစ်သည်။

 

ပြီးခဲ့သည့်ရာသီတွင် အား/ကာသိပ္ပံအသင်း၊ မြဝတီအသင်း၊ သစ္စာအားမာန်အသင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန အသင်း၊ ဇွဲကပင်အသင်း၊ YREO အသင်း၊ ဂန္ဓမာအသင်းနှင့် တက္ကသိုလ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး သုံးရာသီ ကျင်းပပြီးစီးထားပြီးဖြစ်သည်။ ၂၀၁၆-၂၀၁၇ ရာသီနှင့် ၂၀၁၇-၂၀၁၈ ရာသီတွင် မြဝတီအသင်းက ဗိုလ်စွဲခဲ့ပြီး ၂၀၁၈-၂၀၁၉ ရာသီတွင် အားကာသိပ္ပံအသင်း ဗိုလ်စွဲခဲ့သည်။

 

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းများများဖြင့် ကျင်းပနိုင်ရန် ဆောင်ရွက်နေသလို မြန်မာ့အမျိုးသမီးဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် လူငယ်မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်လာရန်အတွက်ပါ ရည်ရွယ်ကျင်းပသွားမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်