အမ်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် လူမှုရေးပင်စင်ရရှိသည့် ဘိုး/ဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

အမ်း ၂၂ စက်တင်ဘာ

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထပတ်အတွက် အသက်(၈၅)နှစ်အထက် လူမှုရေးပင်စင်ရရှိသည့် ဘိုး/ဘွားများနှင့် မသန်စွမ်းသူများအား တစ်ဦးလျှင် ကျပ် ၃၀၀၀၀ ကို  စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီက ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

 

မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၀)အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက် လူမှုရေးပင်စင်ရရှိသည့်် အသက်(၈၅)နှစ်အထက် ဘိုး/ဘွား (၄၃၉)ဦးအား တစ်ဦးလျှင် ကျပ် ၃၀၀၀၀ ဖြင့် စုစုပေါင်း ၁၃၁၇၀၀၀၀ နှင့် မသန်စွမ်းသူ ၂၀၅ ဦးအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ ဖြင့် စုစုပေါင်း ၆၁၅၀၀၀၀ ကို  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ကြသည်။

 

ဆက်လက်၍ ကျေးရွာအုပ်စုများမှ လူမှုရေးပင်စင်ရရှိသည့် အသက်(၈၅)နှစ်အထက် ဘိုး/ဘွား ၆၀ ဦးနှင့် မသန်စွမ်းသူ ၂၈ ဦးအတွက် ထောက်ပံ့ပေးငွေများကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ထောက်ပံ့ပေးသွားမည်ကြောင်း သိရှိရသည်။

 

စိုးမင်းထွန်း