အမရပူရမြို့မှ  စိတ်ဝင်စားဖွယ် သမ္ဗုဒ္ဓေစေတီတော်နှင့် သတ္တဌာနဘုရား

မန္တလေး ၂၇  နိုဝင်ဘာ 

မန္တလေးမြို့အနီးရှိ အမရပူရမြို့မှာ သမိုင်းဝင်နေရာများစွာဖြင့် စိတ်ဝင်စားဖွယ်ရာ နေရာတစ်ခုပင်ဖြစ်သည်။ မန္တလေးမြို့ အမရပူရရှိ စာတော်ပြင်အရာရှိ ဦးပညာက အမရပူရမြို့ ကသည်းဈေးမှ   ဈေးကောက်ရငွေများဖြင့် တည်ထားသော သတ္တဌာနဘုရားနှင့် သမ္ဗုဒ္ဓေစေတီလည်း ဘိုးတော်ဘုရား၊ ဦးပေါ်ဦးတို့နှင့် ဆက်စပ်ကာ စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။

အမရပူရခေတ် ဘိုးတော်ဘုရားလက်ထက်တွင် ဦးပေါ်ဦးက ဆရာတစ်ဆူအဖြစ် ဆည်းကပ်ရသော ဆရာကြီး ဦးပညာဆိုသူရှိခဲ့သည်။ ဦးပညာမှာ အင်းဝတွင်နေထိုင်ကာ ကြိုးကျစ်လုပ်ငန်း လုပ်ကိုင်စားသောက်ပြီး မထင်မရှားနေထိုင်ခဲ့သည်။ ဘိုးတော်ဘုရားမှ ဦးပေါ်ဦးအား သတ္တဌာန ဘုရားတည်နေဟန်အမေးကို မေးမြန်းသည့်အခါ ဦးပေါ်ဦးမှာ ဆရာ့ထံချဉ်းကပ်မေးမြန်းပြီးမှ ဖြေဆိုခဲ့သည်။ ထိုဖြေဆိုချက်မှာ ဆရာဖြစ်သူဦးပညာထံတွင် မေးမြန်းပြီးမှဖြေဆိုကြောင်းကို ဘိုးတော်ဘုရားထံ အမှန်အတိုင်းလျှောက်ထားခဲ့ရာမှ ဦးပညာကို အမရပူရမြို့တော်သို့ခေါ်ကာ စာတော်ပြင်အရာရှိအဖြစ် ခန့်ထားခဲ့သည်။

စာတော်ပြင်ဦးပညာမှာ အမရပူရမြို့ ကသည်းဈေးမှတစ်နေ့လျှင် ခြောက်ပြားနှုန်း ဈေးကောက် ကောက်ကာ  တောင်သမန်အင်းအနောက်ဘက်၊ ဦးပိန်တံတားအနောက်ထိပ်၊ တောင်မင်းကြီး အနောက်မြောက်ဘက်တွင်  သတ္တဌာန စံနေတော်မူဟန် ဂူပုထိုးများကိုတည် ထားခဲ့သည်။ စေတီတော်များမှာ လှိုဏ်ခံစေတီတော်များဖြစ်သည်။ သတ္တဌာန ဘုရားဘေးတွင်လည်း ကွန်းတော်ပုံသဏ္ဍန် ဂူလှိုဏ်ပေါက်ကလေးများပြုလုပ်ကာ ဘုရားတစ်ဆူတည်ထားခဲ့သည်။ ထိုစေတီတော်မှာ ပွင့်တော်မူကုန်သော  ဘုရားရှင်များကို ရည်မှန်းကာ ၈၈၈ ဆူသော ဘုရားရုပ်ပွားတော်များ ထည့်သွင်းပူဇော်ထားသော သမ္ဗုဒ္ဓေစေတီတော်ပင်ဖြစ်သည်။ 

ထိုစေတီတော်များအပြင် အတွင်းအောင်ခြင်းရှစ်ပါး အပြင်အောင်ခြင်းရှစ်ပါးကို သရုပ်ဖော်ကာ တည်ထားသော အောင်ခြင်းရှစ်ပါး စေတီတော်ကိုလည်း တည်ထားခဲ့သည်။ ယခုအခါတွင် တောင်သမန်အင်း ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများအနေဖြင့်  ဦးပိန်တံတား အနောက်ထိပ် တောင်မင်းကြီးဘုရားအနီးတွင် စာတော်ပြင်အရာရှိ ဦးပညာက ဈေးကောက်ရငွေများဖြင့် တည်ထားခဲ့သော စေတီတော်များကို ကြည်ညိုဖွယ်ဖူးတွေ့နိုင်သည်။

တိမ်တမန်