အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများနှင့် အရက်ပြန်(၅)ပုံး လှူဒါန်း

ရန်ကုန်  ၂၈ နိုဝင်ဘာ                

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အလှူငွေများနှင့် အရက်ပြန်(၅)ပုံးကို ယမန်နေ့ နံနက်ပိုင်းက အလှူရှင်များက လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲသည် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား စဉ်ဆက်မပြတ် ခေါ်ယူပို့ဆောင်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန်အတွက် ကွယ်လွန်သူ ဆရာကြီး ဦးရှိန်မြင့်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူး(ငြိမ်း)အား ရည်စူး၍ လှိုင်သာယာမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးထွန်းဝေမှ အလှူငွေ(၄)သိန်းနှင့် ရွှေမြန်မာ အဖျော်ယမကာ Company Limitedမှ ငွေကျပ်(၁)သိန်းခွဲတန်ဖိုးရှိ အရက်ပြန်(၅)ပုံးတို့ကို လှူဒါန်းရာ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစည်သူဇော်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။

 

ကြက်ခြေနီအသင်းခွဲအနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ Quarantine Center (၆)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)