အင်ဒိုနီးရှား နိုင်ငံမှ ဆန်တန်ချိန် ငါးသိန်းကို မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများမှ တင်သွင်းရန် ရှိနေ

mdn

နေပြည်တော်  ၂  ဇွန်

 

အင်ဒိုနီးရှားနိုင်ငံမှ ဆန်တန်ချိန် ငါးသိန်းခန့်ကို မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများမှ မကြာမီ တင်သွင်းရန် ရှိနေခြင်းကြောင့် ယခုနှစ်အတွင်း ဆန်တင်ပို့မှု လျာထားချက်အတွက် အလားလာ ပိုကောင်းလာနိုင်ကြောင်း ဆန်ကုန်သည်များထံမှ သတင်းရရှိသည်။

 

အဆိုပါ တင်သွင်းမှုကို အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံတော် ထောက်ပံပို့ဆောင်ရေးအဖွဲ့အား ခွင့်ပြုခဲ့ပြီး ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံများမှ တင်သွင်းပြီး ပြည်တွင်းဆန်ဈေး ကြီးမြင့်မှုကို ထိန်းချုပ်လိုဟန် ရှိကြောင်း ကုန်သည်များက ခန့်မှန်းထားသည်။

 

“ အရင်ဘဏ္ဍာနှစ် လျာထားချက်ထက် နည်းအောင်တော့ ကြိုးပမ်းတင်ပို့ရမှာပေါ့။ လက်ရှိ ဘဏ္ဍာနှစ်မှာ ဆန် ပို့ ကုန် တိုးတက်ဖို့ ဆောင်ရွက်နေသလို တရုတ်ဘက်ကိုလည်း ဆန်တန်ချိန် တစ်သိန်း ပို့နိုင်ဖို့လည်း နားလည် မှုစာချွန်လွှာ ရေးထိုးဖို့ ရှိတယ်။ ဆန်ကတော့ G to G မဟုတ်လည်း ဒီအတိုင်းဝယ်နေ တာတွေတော့ ရှိတယ်။ G to G ဆိုတာလည်း တကယ်တော့ အစိုးရက ဦးဆောင်ပေးတဲ့ သဘောပဲ။ ရောင်းတာကတော့ အောက်က B to B (ကုန်သည်အချင်းချင်း)ပဲ အရောင်းအဝယ် လုပ်ကြတာ”ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးသောင်းဝင်းက ပြောသည်။

 

အင်ဒိုနီးရှားနိုင်ငံသည် ယခင်နှစ်အတွင်း မြန်မာ့ဆန်တင်သွင်းမှုကို ခေတ္တဆိုင်းငံခဲ့ဖူးပြီး ယခု တင်သွင်းမည့် ဆန် တန်ချိန် ငါးသိန်းကို  ဇူလိုင်လမကုန်ခင် တင်သွင်းရန် ရှိနေပြီး ဈေးကွက်ဝေစု ရရှိလျက်ရှိသော မြန်မာနိုင်ငံအ နေဖြင့် ပိုမိုတင်ပို့ရန် အလားအလာ ပိုကောင်းနေကာ၊ ပြည်တွင်း ဆန်စားသုံးမှု၊ ထုတ်လုပ်မှုနှင့် အရန်ပိုလျှံ စပါး အရေအတွက် စာရင်းများအရ ဆန်စပါး တိုးတက်တင်ပို့ရန် အခြေအနေကောင်းများ ရှိနေကြောင်း သိရသည်။

 

 မြန်မာနိုင်ငံမှ ဆန်ဝယ်ယူလိုကြောင်း ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနှင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံတို့မှ လည်း ကမ်းလှမ်းထားမှုများရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးတိုးအောင်မြင့်က ပြောသည်။

 

‘‘ လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ လက်မှတ်ထိုးထားတာ ရှိတယ်။ ကျန်တဲ့နိုင်ငံတွေကတော့ ကမ်းလှမ်း ထား တာရှိတယ်။ အခု နီပေါတို့ဆိုလည်း ကမ်းလှမ်းထားတာ ရှိတယ်။ သီရိလင်္ကာလည်း ကမ်းလှမ်းထားတာ ရှိ တယ် ’’ဟု ၎င်းက ဆိုသည်။

 

ဆန်တင်သွင်းကို ဂျာဗား၊ တောင်ဆူမားတြား၊ ဘာလီ၊ အနောက် နူစာတန် ဂါရာနှင့် ဆူလာဒေဝီ ဒေသများ အ တွက် လက်လီဆန်ဈေး အမြင့်ဆုံးသတ်မှတ်ချက် တစ်ကီလိုလျှင် ၉,၄၀ဝ ရူပီးယား အထက် မြင့်မားနေခြင်း ကြောင့် ပြည်ပမှတင်သွင်းခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော် တင်ပို့ခဲ့ပြီး ယခုဘဏ္ဍာ နှစ်တွင် ဆန်တန်ချိန် လေးသန်းခန့် ပြည်ပတင်ပို့ရန် လျာထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

 

ဇာလင်းသူ(AMIA)/ ဓာတ်ပုံ- ကေဇူး(AMIA)